မြန်မာပြည်နှင့် Heart to Heart (ဆီးဂိမ်းစ်အလွန်အတွေးများ)

ပို့စ်တင်ချိန် - 1/04/2014 02:10:00 PM



Written By - ဖေဒီ

(၂၇) ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးကား အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။ နိုင်ငံအလိုက် အဆင့်တွင် ရွှေတံဆိပ်ပေါင်း ၈၆ ခုဖြင့် ဒုတိယရခဲ့ခြင်း၊ ၁၉၆၉ ခုနှစ်နောက်ပိုင်း ဆုတံဆိပ်အရေအတွက် အများဆုံးရရှိခြင်း၊ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ခြင်း စသည့်ဂုဏ်ယူဖွယ်ရာများထက် ပြိုင်ပွဲကြီး အေးချမ်းစွာ ပြီးဆုံးခဲ့ခြင်းက မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်အတိ ဖြစ်ပါလိမ့်မည်။ ပြိုင်ပွဲမတိုင်မီက စိုးရိမ်ပူပန်ခဲ့ရသည့် ပြဿနာဖြစ်စဉ်များ တစ်စုံတစ်ရာ မဖြစ်ခဲ့ဘဲ အေးချမ်းစွာ ပြီးဆုံးအောင်မြင်ခဲ့ခြင်းမှာ အသွင်သစ် နိုင်ငံတော်၏ ပုံရိပ်ကောင်းအဖြစ် ကျန်ရစ်ခဲ့ပြီဟုလည်း ဆိုနိုင်ပါသည်။

သို့သော် အိမ်ရှင်အဖြစ်နှင့် ချန်ပီယံရွှေမှန်းထားသော ကျွန်တော်တို့ မြန်မာဘောလုံးအသင်းမှာ အင်ဒိုနီးရှားအသင်းကိုရှုံးပြီး အုပ်စုကထွက်လိုက်ရသည့်အတွက် မြန်မာပြည်တစ်ပြည်လုံး ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်း ၀င်သွားသကဲ့သို့ အပြင်းအထန် ခံစားသွားကြရသည်။ ထိုပွဲပြီးပြီးချင်းပင် ပြိုင်ပွဲမတိုင်မီက အသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် ပြောခဲ့သော စကားအချို့ နားထဲဆောင့်ဝင်လာသည်။

‘သန်း ၆၀ သော ပြည်သူတွေကို တစ်ပြိုင်နက် ပျော်ရွှင်အောင် လုပ်ပေးနိုင်တာက ဘောလုံးတစ်ခုတည်းပဲရှိတယ်’ တဲ့လေ။

မှန်ပေစွ။ ဟုတ်လေစွ။ သို့သော် ‘သန်း ၆၀ သော ပြည်သူတွေကို တစ်ပြိုင်နက် မျက်ရည်တွေကျ၊ ရင်ကွဲပက်လက်တွေဖြစ်အောင် လုပ်နိုင်တာကလည်း ဘောလုံးတစ်ခုပဲ ရှိတယ်’ ဆိုသည့် စကားကိုမူ သူဆက်မပြောခဲ့။
နားလည်စရာ ကောင်းလာတာက ဘောလုံးဆိုသည်မှာ မြန်မာပြည်သူတွေအတွက် ကြိုးတန်းတစ်ခုဖြစ်သည် ဆိုခြင်းပင်။ ပရိသတ်ဆိုသည့် ပြည်သူတွေသည် ထိုကြိုးတန်းပေါ် လျှောက်နေရသူများပင်ဖြစ်သည်။ ကြိုးတန်းက ခါချလျှင် ပြုတ်ကျမည်။ ကြိုးတန်းကောင်းလျှင် တစ်ဖက်ကမ်းသို့ စခန်းရောက်အောင် မြေဖြစ်မည်။ ကမ်းတစ်ဖက်သို့ ရောက်မည်မရောက်မည်ထက် ပို၍သေချာသည်ကတော့ ချောက်ကမ်းပါးက အသင့်စောင့်ကြိုနေခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့အောင်ပွဲဟူ၍ လက်ခမောင်းခတ် အောင်ပွဲခံနိုင်သော အရာမှာ ဘောလုံးမှလွဲ၍ ဘယ်အရာများ ရှိပါသနည်း။ မပြေးရ၊ မခုန်ရ၊ လမ်းမပိတ်ရ စသည်ဖြင့် ကန့်သတ်ခြင်းခံခဲ့ရသော လွတ်လပ်ရေးနေ့ အောင်ပွဲသည်လည်း ပြည်သူ့အောင်ပွဲအသွင် မဆောင်ခဲ့။ ဆွမ်းမကပ်ရ၊ အမျှမဝေရဟု ချုပ်ချယ်ခြင်း ခံခဲ့ရသော အာဇာနည်နေ့သည်လည်း ပြည်သူ့ပုံရိပ်အဖြစ် ကိုယ်စားပြုခွင့် မရခဲ့ပြန်။ ထို့ကြောင့် စိစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင် ပြည်သူ့အောင်ပွဲဟူ၍ လက်ခမောင်းခတ် အောင်ပွဲခံနိုင်သော အရာမှာ ဘောလုံးတစ်ခုသာ ရှိသည်။

ထိုအခြေအနေများကြောင့် ဘောလုံးသည် အော်တိုမစ်တစ် ပြည်သူကိုကိုယ်စားပြုထားသော အရာဖြစ်သည်။ ထို့ကြောင့် ဘောလုံးမျှော်လင့်ချက်သည် ပြည်သူ့မျှော်လင့်ချက် ဖြစ်သည်။ ဘောလုံးအောင်ပွဲသည် ပြည်သူ့အောင်ပွဲ အစစ်ဖြစ်သည်။ ဘောလုံးကျဆုံးခြင်းသည် ပြည်သူတို့၏ ကျဆုံးခြင်းသာ ဖြစ်သည်။ ဘောလုံးနိမ့်ပါးခြင်းသည် ပြည်သူ့ဘ၀ နိမ့်ပါးခြင်းလည်းဖြစ်သည်။

မြန်မာပြည်သူတို့နှင့် ဘောလုံးအသင်းသည် နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သော စွယ်တော်ရွက်လိုပင် ဖြစ်သည်။ မှန်နှင့်မှန်ရိပ်လိုလည်း ဖြစ်သည်။ အုပ်ချုပ်ရေး စနစ်ဆိုးတွေကြောင့် နင်းပြားဘ၀အဖြစ် နွံနစ်ခဲ့ရာမှ ပြန်လည်ကုန်းရုန်း ထနေရသော ပြည်သူတို့၏ ကောက်ရိုးတစ်မျှင်သည် ဘောလုံးသာဖြစ်သည်။ ဘောလုံးသည် ကမ္ဘာ့အားကစားနည်းဖြစ်သည်။ သို့သော် ကမ္ဘာတွင်ပါဝင်သော မြန်မာတို့အတွက်မူ ဘောလုံးသည် ကမ္ဘာ့ဘောလုံးဆိုသည်ထက် တစ်မူပိုနေသည်။ ထူးခြားနေသည်။ ဘ၀နှင့် ထပ်တူသက်ရောက်မှု ရှိနေသည်ကို သတိပြုသင့်သည်။ မြန်မာပြည်သူတို့၏ ဘ၀နှင့် စိတ်ဓာတ်ခွန်အားများကို ပြောင်းလဲပေးနိုင်သော စွမ်းအင်ပါဝါများ ဘောလုံးတွင် အပြည့်ရှိသည်။

အခြားနိုင်ငံများတွင် ဘောလုံးအောင်မြင်မှုသည် အသင်း၏အောင်ပွဲ။ ပြည်သူတို့၏ ပျော်ပွဲတစ်ရပ်သာ ဖြစ်သည်။ မြန်မာပြည်တွင်မူ ထိုသို့မဟုတ်။ ဘောလုံး၏ အောင်ပွဲသည် ပြည်သူတို့၏ ဘ၀အောင်ပွဲပင် ဖြစ်သည်။ ကိုလိုနီခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်ကြီးသည် ကျွန်အဖြစ် ပြားပြားဝပ်ခဲ့ရသော ပြည်သူတို့ကို နိုးထစေခဲ့သည်။ တက်ကြွစေခဲ့သည်။ ယနေ့ကာလတွင် သခင်အဖြစ် အငုံ့စိတ်ဖြင့် ပြားပြားဝပ်နေခဲ့ရသော မြန်မာပြည်သူတို့ကို တစ်ပြိုင်နက်တည်း နိုးထစေနိုင်သည်မှာ ဘောလုံးတစ်ခုတည်းသာလျှင် ဖြစ်သည်။ ဘောလုံးတစ်ခုတည်းသာ ရှိသည်။ မြန်မာပြည်သူတို့နှင့် ဘောလုံးခွဲခြားမရသည်ကို နေပြည်တော် ဆီးဂိမ်းစ်တွင် ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။ ဘောလုံးသည် မြန်မာပြည်သူတို့၏ ဘ၀ဖြစ်သည်ကို နေပြည်တော်ဆီးဂိမ်းစ်က အဖြေထုတ်ပေးခဲ့သည်။

သို့ရာတွင် မြန်မာပြည်သူတို့၏ ၀ိညာဉ်၊ မြန်မာပြည်သူတို့၏ ဘ၀ဖြစ်သည့် မြန်မာဘောလုံး အသင်းသည် မြန်မာပြည်သူတို့ကို နိုးထစေခြင်း မပြုနိုင်ခဲ့။ အငုံ့စိတ်နွံတွင်းမှ ဆွဲထုတ်ပေးနိုင်ခြင်း မရှိခဲ့။ ခါးသီးသော ကျဆုံးမှုများကိုသာ ပေးခဲ့သည်။ ပြည်သူ့အောင်ပွဲသည် ပြည်သူတို့နှင့် အလှမ်းဝေးနေဆဲပင် ရှိသည်။

ပြည်သူတွေအားထားရာ မြန်မာအသင်းသည် ပြည်သူတို့ကို အရှုံးနွံတွင်းသို့ ဆက်သွင်းပေးခဲ့ရုံသာ မဟုတ်။ တာဝန်ရှောင်လွှဲသည့် ‘သတ္တိကြောင်’ အမွေဆိုးကိုပါ အဆစ်ပေးခဲ့ပြန်သည်။ Head to Head တဲ့။ ဒါကို နည်းပြချုပ်ဆိုသူက သူမသိဟုဆိုသည်။ ဘောလုံးအသင်း တာဝန်ရှိသူတွေကလည်း သူတို့ပြောခဲ့သည်ဟု ဆိုသည်။ နေရင်းထိုင်ရင်း မိဘမဲ့ ဖြစ်သွားတာက Head to Head။ တာဝန်ယူမည့်သူ မရှိ။ လက်သည်မပေါ်။
ပြည်သူတွေက ကိုယ်တွေ၏ ဘ၀တစ်ခုအဖြစ်၊ ကိုယ်တွေ၏ ဘ၀အောင်ပွဲအဖြစ် အမြင့်ဆုံး မျှော်လင့်ချက်များဖြင့် မျှော်လင့်ခဲ့ကြသည်။ အိပ်မက်မက်ခဲ့ကြသည်။ စိတ်ကူးယဉ်ခဲ့ကြသည်။ ဘောလုံးအသင်းနှင့် ပတ်သက်သူများ၏ ဖြေရှင်းမှုများတွင် ဆောရီးတစ်လုံးမှလွဲ၍ ပြည်သူကို မျက်နှာမူသော ဖြေရှင်းမှုများ တစ်ခုမှမပါ။ သူမှားတယ် ငါမှန်တယ်ဖြင့် သူတို့၏ ဘောလုံးရပ်ဝန်း လူနည်းစု ကွက်ကွက်လေးအတွက်သာ ဖြေရှင်းနေကြသည်။ ပြည်သူတို့သည် သူတို့ရင်ဘတ်နောက်က ကျောအဖြစ်သာ ရှိနေခဲ့သည်။

သေချာသည်ကတော့ အနှီ Head to Head သည် မြန်မာပြည်တွင် Heart to Heart မရှိကြခြင်းကို ဖော်ညွှန်းပြလိုက်ခြင်းပင် ဖြစ်သည်။

နည်းပြနှင့် တာဝန်ရှိ စီမံသူတွေအကြား အချင်းချင်း၊ နည်းပြနှင့် ကစားသမားတွေအကြား အချင်းချင်း၊ ကစားသမားတွေက ပြည်သူသန်း ၆၀ အပေါ် Heart to Heart မရှိခြင်းကြောင့် Head to Head ၏ ရလဒ်ဆိုးကို ပြည်သူတွေ ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

‘လူချင်းဝေးလည်း နှလုံးသားချင်း နီးပါစေ’ ဆိုသော သီချင်းစာသားလေး ရှိသည်။ အစိုးရက ပြည်သူအပေါ်၊ ပြည်သူ့ဝန်ဆောင်မှု အဖွဲ့အစည်းတွေက ပြည်သူအပေါ်၊ လွှတ်တော်အမတ်မင်းတွေက ဆိုင်ရာကိုယ်စားပြု နယ်မြေအတွင်းရှိ ပြည်သူအပေါ်၊ ဆရာဆရာမတွေက တပည့်အပေါ်၊ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ်၊ ပြည်သူတွေက ပြည်သူတွေအချင်းချင်းအပေါ် စသည့်မြန်မာပြည်၏ နယ်ပယ်အသီးသီးတွင် နှလုံးသားချင်းနီးသည့် Heart to Heart စိတ်ထားတွေသာ ရှိကြမည်ဆိုလျှင် သယံဇာတကြွယ်ဝသလောက် ချမ်းသာသောနိုင်ငံ ဖြစ်လာမည်မှာ သေချာပါသည်။

မြန်မာပြည်တွင် လူချင်းနီးပါလျက် နှလုံးသားချင်း ဝေးနေကြသူတွေ အများကြီးရှိသည်။ နေပြည်တော် ဆီးဂိမ်းစ်တွင် မြန်မာဘောလုံးအသင်း ကျဆုံးခြင်းက ထို၏အနီးစပ်ဆုံး သက်သေဖြစ်သည်။ မြန်မာအသင်းသည် လူချင်းနီးလျက် နှလုံးသားချင်း ဝေးကြသူများဖြင့် ဖွဲ့စည်းထားသော အသင်းသာဖြစ်သည်။

နက်ဖြန် သို့မဟုတ် ဘယ်သောအခါများသည် နှလုံးသားချင်းနီးသည့် မြန်မာပြည်၏ Heart to Heart နေ့များ ဖြစ်လာပါမည်နည်း။
eleven media group