ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း MCPA ပညာချွန်ဆု (Academic Excellence Award) ချီးမြှင့်

ပို့စ်တင်ချိန် - 1/16/2014 02:40:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပညာချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ နံနက် (၁၁) နာရီ၌ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပညာချွန်ဆုအခမ်းအနားတွင် မဟာတန်းကျောင်းသား၊ ကျောင်းသူများအထိပါ တိုးချဲ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။ လျှောက်ထားလာသူများအနက် အထူးချွန်ဆုံးဖြစ်သည့် မဟာတန်း ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ စတုတ္ထနှစ်ကျောင်းသား ကျောင်းသူ (၉) ဦး၊ တတိယနှစ် ကျောင်းသားကျောင်းသူ (၉) ဦးနှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ စုစုပေါင်း (၃၃) ဦးကို MCPA ပညာချွန်ဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပညာချွန်ဆု ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍစုံတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် ထူးချွန်ထက်မြက်သည့် ကွန်ပျူတာပညာရှင်များ ပေါ်ထွန်းလာစေရန်၊ တက္ကသိုလ်နှင့် လုပ်ငန်းခွင် ပေါင်းကူးဆက်ဆံရေး ပိုမိုတိုးတက်လာစေရန်နှင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ ကြိုးစားချင်စိတ် ပိုမိုဖြစ်ထွန်းလာစေရန်အတွက် ဖြစ်သည်။ ပညာချွန်ဆုရသူအနေဖြင့် ပညာသင်နှစ် တစ်နှစ်အတွက် ချီးမြှင့်ငွေ ကျပ်နှစ်သိန်းခွဲ အပြင် ပညာချွန်ဆုခံစားနေရသည့် ကာလတစ်လျှောက်လုံး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းသား နှစ်စဉ်ကြေးများ ကင်းလွတ်ခွင့်၊ အသင်းမှ အခါအားလျော်စွာ ရွေးချယ်စေလွှတ်သော နိုင်ငံခြား ပညာတော်သင်ဆုများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက ဦးစားပေးခံရခြင်းစသည့် ခံစားခွင့်စသည်များ ရရှိမည်ဖြစ်သည်ဟု သိရသည်။ အဆိုပါပညာချွန်ဆုကို  ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်ဦးဆောင်သည့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဆောင်သည့် MCPA ပညာချွန်ဆု ရွေးချယ်ရေးအဖွဲ့မှ ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ MCPA ပညာချွန်ဆု ချီးမြှင့်ရာတွင် ကွန်ပျူတာပညာရပ်တွင် ထူးချွန်သည့် ကျောင်းသားများကို ရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မှတ်ဖြင့် မဆုံးဖြတ်ဘဲ တက္ကသိုလ်ပထမနှစ် တက်ရောက်ပြီး ကွန်ပျူတာပညာကို သင်ယူပြီးခါမှ ကွန်ပျူတာနှင့် ပတ်သက်ပြီး အမှန်တကယ် ထူးချွန်မည့်သူများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ပညာချွန်ဆု နှစ်စဉ်ချီးမြှင့်ပေးခဲ့ရာ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများအနက် အထူးချွန်ဆုံး (၈) ဦးကို ရွေးချယ်ခဲ့ပြီး ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်  ဒုတိယနှစ်နှင့် တတိယနှစ်မှ အထူးချွန်ဆုံး (၈) ဦးစီကို ရွေးချယ်ပြီး စုစုပေါင်းထူးချွန်ကျောင်းသား (၁၆) ဦးကို ဒုတိယအကြိမ်အဖြစ လည်းကောင်း ပညာချွန်ဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှ စတင်၍ကာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးဆောင်ပြီး စတုတ္ထနှစ် ကျောင်းသားကျောင်းသူ (၈) ဦး၊ တတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၈) ဦးနှင့် ဒုတိယနှစ်တွင် အမှတ်တူ (၂) ဦးပါဝင်နေသည့် အတွက် (၉) ဦး၊ စုစုပေါင်း (၂၅) ဦး ကို တတိယအကြိမ်အဖြစ် MCPA ပညာချွန်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Internet Journal