ရန်ကုန်အသင်း၏ Mobile Application ဖေဖော်ဝါရီလတွင် စတင်သုံးနိုင်မည်

ပို့စ်တင်ချိန် - 1/16/2014 06:53:00 PM


မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကို စတင်ကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်ယူနိုက်တက် အသင်း၏ Mobile Application ကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ယင်းအသင်းကို နည်းပညာ ထောက်ပံ့ပေးသည့် Bagan Innovation Technology က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းလှိုင်ဦးက ပြောကြားသည်။ ယင်း Mobil Application တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားများ၏ မှတ်တမ်းများ၊ ပွဲစဉ်အချိန်ဇယားများနှင့် အမှတ်ပေးဇယား ရပ်တည်မှုတို့အပြင် MNL ပြိုင်ပွဲဝင် အသင်းများ၏ သတင်းများနှင့် ဗီဒီယိုဖိုင်များလည်း ပါဝင်မည်ဟု ၄င်းက ဆိုသည်။ မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြည့်ရှုနိုင်မည့် ယင်း Application ကို iOS နှင့် Andriod စနစ်တို့ဖြင့် ထုတ်လုပ်မည်ဖြစ်ရာ iOS စနစ်ကို I Tunes စတိုးတွင် ရယူနိုင်မည်ဖြစ်ပြီး Andriod စနစ်ကိုမူ Google Play နှင့် Win Mobile Market တို့တွင် ရယူနိုင်မည်ဖြစ်ကာ မိုဘိုင်းလ်ဖုန်းဆိုင်များတွင်လည်း ရယူနိုင်မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ ယင်းကဲ့သို့ အသုံးပြုနိုင်ခြင်းကြောင့် အသင်း၏ ရလဒ်များကို ပရိသတ်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ပွဲစဉ်များ၏ အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပေးမည်ဖြစ်ရာ ပြိုင်ပွဲကို လာရောက်ကြည့်ရှုနိုင် ခြင်း မရှိသည့် ပရိသတ်များအတွက်လည်း ပွဲရလဒ်များကို လက်ကိုင်ဖုန်းများမှတစ်ဆင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောကြားသည်။ “MNL ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ကျွန်တော်တို့အသင်း Mobile Application စနစ်ကို ပထမဦးဆုံး အသုံးပြုနိုင်တာပါ” ဟု ၄င်းက ဆိုသည်။ လက်ရှိအချိန်တွင် ၂၀၁၄ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) က ငွေကျပ်သိန်းသုံးထောင်ဖြင့် အဓိကထောက်ပံ့ပေးထားပြီး Elite Tech က ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးထားသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ၂၀၁၄ ဘောလုံးရာသီအတွက် နည်းပြဟောင်း အဲရစ်ဝီလျံကို ပြန်လည်ခန့်အပ်ခဲ့ပြီး မက်ဆီဒိုးနီးယားနိုင်ငံသား အလက်ဇန္ဒား၊ ဘရာဇီးနိုင်ငံသား အီမာဆင်၊ ဂျပန်နိုင်ငံသား ကာဇူကီတို့အပြင် ဧရာဝတီအသင်း ဂိုးသမား ပြည့်ဖြိုးဦး၊ ဟံသာဝတီ ယူနိုက်တက်အသင်း၏ နောက်တန်းကစားသမား အောင်ဇော်တို့ကို ခေါ်ယူအားဖြည့်ခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge