စမ်းသပ်သုံးစွဲနေသည့် Mobile Money ကို ယခုလအတွင်း မိတ်ဆက်မည်

ပို့စ်တင်ချိန် - 1/22/2014 02:02:00 PM


ယခုလအတွင်း Myanmar Mobile Money ၀န်ဆောင်မှုကို အများပြည်သူ အသုံးပြုနိုင်ရန် မိတ်ဆက်ပေးသွားမည်ဟု အဆိုပါ ၀န်ဆောင်မှုလုပ်ငန်းမှ အကြီးတန်း မန်နေဂျာ ဦးတေဇာအောင်က ပြောသည်။

လက်ရှိ စမ်းသပ်သုံးစွဲနေသူ အရေအတွက်ကို ၎င်းတို့အနေဖြင့် ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း ယခုအတွင်း၌ အများပြည်သူထံ ၎င်းတို့ဝန်ဆောင်မှုကို မိတ်ဆက်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ “အခု စမ်းသပ်သုံးစွဲနေတဲ့ လူတွေကိုလည်း ကျွန်တော်တို့က ငွေကို သိန်းချီပြီးမထည့်ခိုင်းဘူး။ သောင်း ဂဏန်းလောက်ပဲ စမ်းပြီးသုံးခိုင်းထားတာ။ နောက်ဆိုရင် ကြိုက်သလောက်ထည့်ပြီး သုံးလို့ရပြီ” ဟု ၎င်းက ပြောသည်။

Mobile Money ကို စမ်းသပ် သုံးစွဲနေသူများသည် မိုဘိုင်းဖုန်းဘီလ်များကို ထည့်သွင်းခြင်းနှင့် Agent များ၌ ငွေကြေးပြန်လည် ထုတ်ယူခြင်းများကိုသာ ပြုလုပ်ဆောင်ရွက်ကြပြီး အခြားသော ၀န်ဆောင်မှုများကိုမူ လက်ရှိအချိန်၌ သုံးစွဲခြင်းမရှိသေးကြောင်း သိရသည်။ Agent များနှင့် Mobile Money သုံးစွဲနိုင်သည့် ဈေးဝယ်စင်တာများ အရေအတွက်များပြားလာရန် လက်ရှိဆောင်ရွက်နေပြီး ငွေသွင်း၊ ငွေထုတ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

Mobile Money ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်စမ်းသပ် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ Agent ပေါင်း ရာဂဏန်းနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။ ရည်ရွယ်ချက်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ၌ Agent ပေါင်း ထောင်ဂဏန်းထားသွားမည်ဖြစ်ပြီး အသေးစားငွေချေးလုပ်ငန်းကိုလည်း အထောက်အကူပြုမည်ဟု သိရသည်။

Mobile Money နှင့် ပတ်သက်၍ Agent များအတွက် အပေါင်ငွေ တောင်းခံမှုများပြားခြင်းနှင့် ပူးပေါင်းဘဏ်၏ နည်းပညာ ပိုင်းဆိုင်ရာကို ဝေဖန်ထားရှိသော်လည်း ၎င်းတို့သည် Mobile Money လုံးခြုံရေးနှင့်ပတ်သက်၍ အာမခံချက်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

ဘဏ်ဝန်ဆောင်မှုနှင့် ဝေးကွာနေသူများအတွက် မိုဘိုင်းဖုန်းဖြင့် ဘဏ်ဝန်ဆောင်မှုများအတိုင်း ပြုလုပ်ဆောင်ရွက်နိုင်ရန် လုပ်ကိုင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါ စနစ်ကို အသုံးပြု၍ အသေးစားချေး ငွေလုပ်ငန်းများ၊ မိုဘိုင်းဖုန်းဘီလ်ဖြည့်သွင်းခြင်းများနှင့် အခြားသော ငွေကြေးလွှဲပြောင်း လုပ်ကိုင် ဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။

မြင့်ကျော်လှိုင်
Internet Journal