Myanmar ဟု တစ်ခါတစ်ရံ ခေါ်ဝေါ်သုံးစွဲခြင်းသည် Burma ဟု ခေါ်ဆိုနေသည့် အမေရိကန် အစိုးရ၏ မူဝါဒ ပြောင်းလဲခြင်းမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပြောကြား

ပို့စ်တင်ချိန် - 1/08/2014 10:07:00 AM

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအား ပြန်လည်ချဉ်းကပ်ရာတွင် ယဉ်ကျေးသော သံတမန်ဆက်ဆံရေး သင်္ကေတအဖြစ် ယခင်ခေါ်ဝေါ် သုံးစွဲခဲ့သည့်အမည် Burma အစား တရားဝင်ဖြစ်သည့် Myanmar ဆိုသည့် အမည်ကို တစ်ခါတစ်ရံ သုံးစွဲခြင်းဖြစ်ကြောင်းနှင့် ထိုသို့ခေါ်ဝေါ်သုံးစွဲခြင်းသည် Burma ဟုခေါ်ဆိုနေသည့် အမေရိကန်အစိုးရ၏ မူဝါဒ ပြောင်းလဲခြင်းမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားသည်။

ယခင်အမည်ဟောင်း Burma ဆိုသည့်အမည်သည် ဗြိတိသျှအုပ်စိုးမှု၏ အမွေအနှစ်ဖြစ်ပြီး ဗမာလူမျိုးများကိုသာ ကိုယ်စားပြုသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်ခေါင်းဆောင်များ အုပ်စိုးသည့်အချိန် ၁၉၈၉ ခုနှစ်တွင် တရားဝင် Myanmar အဖြစ် ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အတိုက်အခံများနှင့် ပြည်ပရောက် နိုင်ငံရေးသမားများက ယခုလို အမည်ပြောင်းလဲခြင်းသည် လုံးဝအသစ်ဖြစ်သည့် နိုင်ငံတစ်ခု တည်ထောင်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်ဟု ရှုမြင်ကာ အမည်အပြောင်းအလဲကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသည်။ ထို့အတွက် အမေရိကန်ပြည်ထောင်စုကလည်း ၎င်းအတိုက်အခံများနှင့် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံအား Burma အဖြစ် ဆက်လက်ခေါ်ဆိုခဲ့သည်။

ဇန်န၀ါရီ ၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ရာတွင် Myanmar ဆိုသည့် အမည်ကို နှစ်ကြိမ်သုံးစွဲခဲ့ပြီး Burma ဆိုသည့်အမည်ကို လုံးဝအသုံးပြုခဲ့ခြင်း မရှိပေ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ လက်ထောက်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Marie Harf က သတင်းထောက်များကို ပြောဆိုရာတွင် အမေရိကန်အစိုးရ အနေဖြင့် Burma ဆိုသည့်အမည်ကိုသာ ခေါ်ဆိုမည့် မူဝါဒအပေါ် ဆက်လက်ကိုင်စွဲထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အမေရိကန်အစိုးရ အရာရှိများသည် ယဉ်ကျေးသော သံတမန်ဆက်ဆံရေး သင်္ကေတအဖြစ် နိုင်ငံအား Myanmar အဖြစ် ခေါ်ဝေါ်သုံးစွဲခြင်းများ ပြုလုပ်သည်ဟု ၂၀၁၂ ခုနှစ်အတွင်း လာရောက်ခဲ့သည့် သမ္မတအိုဘားမား၏ ခရီးစဉ်ကို ရည်ညွှန်း၍ သူမက ပြောဆိုခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အချိန်ကြာမြင့်စွာ အပယ်ခံဖြစ်ခဲ့သောနိုင်ငံ၏ လျင်မြန်စွာပြောင်းလဲလာသော နိုင်ငံရေးဖြစ်ထွန်းမှုသည် စိတ်လှုပ်ရှားဖွယ် ဖြစ်သော်လည်း ပြီးပြည့်စုံခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ် တစ်ရပ်အဖြစ် သမ္မတအိုဘားမား၏ အလည်အပတ် ခရီးစဉ်အပြင် မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ တိုးမြှင့်ပေးအပ်ခဲ့သည်။

eleven media group