SMEs များကို ငွေကြေး ထောက်ပံ့နိုင်ရန် ဂျာမနီကူညီမည်

ပို့စ်တင်ချိန် - 1/25/2014 11:30:00 PM


25.1.2014

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးအတွက် ငွေကြေး ထောက်ပံ့နိုင်ရန် ဂျာမနီ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(GIZ) က ပြည်တွင်းဘဏ် သုံးခုကို နည်းပညာ အထောက်အပံ့ပေးမည် ဖြစ်ကြောင်း Giz In Myanmar မှ ဦးဆောင်ပညာရှင် ဦးစံသိန်းက ပြောကြားသည်။

ကမ္ဘောဇဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်နှင့် ရိုးမဘဏ်တို့ကို နည်းဗျူဟာ ချမှတ်ခြင်း၊ ဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း တို့ကို နိုင်ငံတကာနှင့် မြန်မာပညာရှင်များက သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“အထောက်အပံ့ပေးမယ် ဆိုတာက နည်းပညာပေးမှာ။ ငွေချေးပုံနည်းစနစ်၊ ဘယ်လို အဖွဲ့အစည်းမျိုးကိုဆိုရင် ယုံကြည် စိတ်ချရမယ် ဆိုတာတွေကို သင်တန်းပေးမှာ” ဟု အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ပြောကြားသည်။

GIZ သည် ဂျာမန်အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာ-ဂျာမနီနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice