မန္တလေး ရွှေနန်းတော်ကျောင်း ပျက်စီးမှု အတိအကျ သိရှိနိုင်ရန် 3D ရိုက်ကူးမည်

ပို့စ်တင်ချိန် - 2/16/2014 01:09:00 PM


မန္တလေး၊ ဖေဖော်ဝါရီ ၁၄

သစ်သားထွင်း အနုပညာ ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သည့် မန္တလေးမြို့တော်ရှိ ရွှေနန်းတော်ကျောင်း ရေရှည် တည်တံ့ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် World Monuments Fund အစီအစဉ်ဖြင့် ပြုပြင်မည်ဖြစ်ရာ ပျက်စီးမှုများ အတိအကျ သိရှိနိုင်ရေးအတွက် လာမည့် ဧပြီလတွင် လေဆာ စကင်နာစက်ဖြင့် 3D ရိုက်ယူမည် ဖြစ်ကြောင်း World Monuments Fund ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

ယင်းသို့ ရိုက်ယူပြီးပါက ပျက်စီးနေသည့် အပိုင်းများ တွေ့လာနိုင်ပြီး ထိန်းသိမ်းရန် နည်းလမ်းများ သိရှိမည့်အပြင် ပုံစံတူ မှတ်တမ်း အဖြစ်လည်း ကျန်ရှိမည် ဖြစ်ကြောင်း အဆိုပါ ရွှေနန်းတော်ကျောင်း ထိန်းသိမ်းရေး စီမံကိန်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားသည်။

လက်ရှိတွင် မီးဘေး အန္တရာယ်ကာ ကွယ်ရေးနှင့် ရေနုတ်မြောင်းများ တူးဖော်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း၊ ပြုပြင် ထိန်းသိမ်းရေးမှာ ၁၀ လအတွင်း ပြီးနိုင်သော်လည်း ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဝန်ထမ်းများ ပညာရယူနိုင်ရန်နှင့် အများပြည်သူ လေ့လာနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်ထိ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကာ ရေမြောင်း တူးဖော်ခြင်းကို စက်တင်ဘာလ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဖြင့် ပြုပြင်သွားမည့် ရွှေနန်းတော် ကျောင်းကြီး တွင် ပန်းနွယ်ပန်းခက် အနုစိတ်လက်ရာ ၇၅ ရာခိုင်နှုန်းခန့် ကျန်နေသေးပြီး ၂၅ ရာခိုင်နှုန်း ပြုပြင်ရန် လိုအပ်နေကြောင်း၊ တည်ဆောက်မှု ကိုယ်ထည်ပိုင်းမှာ ၆၀ ရာခိုင်နှုန်းခန့် ကောင်းနေပြီး ၄၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကျွန်းဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများကို ရှေးမူမပျက် ထိန်းသိမ်းရန် ရန်ပုံငွေ ထပ်မံတင်ပြထားကြောင်း ရွှေနန်းတော် ကျောင်းပြုပြင် ထိန်းသိမ်းမှု အောင်မြင်ပါက ရန်ပုံငွေ ရနိုင်ကြောင်းလည်း World Monuments Fund မှ ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

မြန်မာ-အမေရိကန်နိုင်ငံအကြား ရွှေနန်းတော် ကျောင်းပြုပြင်မှု မှာ မြန်မာနိုင်ငံ၏ ရှေးဟောင်း လက်ရာများကို နိုင်ငံခြား ပညာရှင်ဖြင့် ပထမဦးဆုံး ပူးပေါင်း ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင် ထိန်းသိမ်းရေး စီမံကိန်း ဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ယင်းရွှေနန်းတော်ကျောင်းတွင် ကျင်းပခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchell တို့ တက်ရောက်ခဲ့သည်။

The Voice Weekly