Android ဟန်းဆက်ကို Apple ထုတ်လုပ်သင့်ကြောင်း Wozniak အကြံပြု

ပို့စ်တင်ချိန် - 2/10/2014 12:23:00 PM


အတွဲ (၁၅)၊ အမှတ် (၇)


Apple ကုမ္ပဏီအနေဖြင့် Google ၏ Android operating system အသုံးပြုထားသည့် ဟန်းဆက်တစ်မျိုးကို ထုတ်လုပ်သင့်ကြောင်း Apple ကုမ္ပဏီတွဲဖက် တည်ထောင်သူ Steve Wozniak ကဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် AppsWord North America ကွန်ဖရင့်စ်တွင် ပြောကြားခဲ့သည်။



၎င်းက Apple ကို ဒုတိယဖုန်းဈေးကွက် အနေဖြင့်ထားနိုင်သည်မှာ Android ဈေးကွက်သာဖြစ်ကြောင်း၊ အခြား Android ထုတ်ကုန်များနှင့် နှိုင်းယှဉ်လျှင် လူအများစုက စတိုင်လ်ကျသည့် မိမိတို့၏ထုတ်ကုန်များကို နှစ်သက်ကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်ကြိမ်တည်းတွင် ထုတ်ကုန်နှစ်မျိုး ထုတ်သင့်ကြောင်း Wozniak ကဆိုခဲ့သည်။

Android သည် Apache Software License 2.0 ပေါ်တွင်အခြေခံထားသည့် open-source operating system တစ်ခုဖြစ်ပြီး ၎င်းကိုဟန်းဆက် ထုတ်လုပ်သည့် ကုမ္ပဏီတိုင်းက ရွေးချယ်အသုံးပြုလျက် ရှိသည်။

Apple II ကွန်ပျူတာကို ဒီဇိုင်းတည်ဆောက်ခဲ့သူ Wozniak သည် AppsWord ကွန်ဖရင့်တွင်ပြုလုပ်ခဲ့သည့် ၄၅ မိနစ်ကြာ၊ အင်တာဗျူးတစ်ရပ်၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကွန်ဖရင့်သို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများအပြင် မိုဘိုင်းနှင့်မရွှေ့ပြောင်း နိုင်သောထုတ်ကုန်များအတွက် software application များ ဖွံ့ဖြိုးမှုအပေါ် အာရုံစိုက်သည့် ဈေးကွက်ရှာဖွေသူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

၎င်းကွန်ဖရင့်တွင် Wozniak သည် BlackBerry ၏အနာဂတ်နှင့် စပ်လျဉ်းပြီးနောက် iPhone ၏အကြောင်းကို မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။



-နောင်နောင်
Ref: CMSWire
Internet Journal