အမျိုးသမီးများလုံခြုံမှုအတွက် တရားဝင်အေဂျင်စီများဖြင့်သာ ဆက်သွယ်ဆောင်ရွှက်သင့်ဟု ရဲမှူးပြော

ပို့စ်တင်ချိန် - 2/21/2014 05:36:00 PM


စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံများသို့ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ကြမည့် အမျိုးသမီးများအနေ ဖြင့် လက်လှမ်းမီရာ ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေကြသောကြောင့် အလုပ်ရှင်၏စော်ကား ခံရခြင်းနှင့် ဘ၀မလုံခြုံမှုများကို ရင်ဆိုင်လုပ်ကိုင်နေရသည့်အတွက် တရားဝင်မှတ်ပုံတင်ထားသည့် ပြည်ပ အလုပ်ကိုင် အေဂျင်စီများဖြင့်သာ ဆက်သွယ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(၆) တပ်ဖွဲ့စုမှူး ရဲမှူးရိုလင်က မဇ္ဈိမသို့ပြောသည်။

“တချို့လမ်းလျှောက်ပွဲစားတွေက မသိနားမလည်တဲ့ မိန်းကလေးအချို့ကို သတ်မှတ်ထားတဲ့ လမ်းကြောင်း က မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံရဲ့ အလုပ်ရှင်နဲ့ဆက်သွယ်ပြီး တိုက်ရိုက်ပို့ဆောင်တဲ့အခါ အလုပ်ရှင် ယောက်ျားရဲ့ စော်ကားမှုတွေကြုံ တွေ့နေရတယ်၊ အဲဒီကိုသွားတဲ့ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံမှုမရှိကြဘူးလို့ ကျွန်တော်တို့ဆီကို တိုင်တန်းတာတွေ ရှိပါတယ်။ ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြု ပေးထားတဲ့ အေဂျင်စီတွေနဲ့သာ ဆက်သွယ်ဆောင်ရွက်ကြပါ”ဟု ရဲမှူးက ဆိုသည်။

နိုင်ငံခြားသို့ အိမ်အကူပို့ဆောင်ခြင်းလုပ်ငန်းများကို အလုပ်သမားဝန်ကြီးဌာနက တိုက်ရိုက်ခွင့်ပြုဆောင် ရွက်ခဲ့ရာမှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းဝေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအဖွဲ့ချုပ်သို့ အိမ်အကူပို့ဆောင်ခြင်းလုပ်ငန်းများတွင် မှန်မှန်ကန်ကန်ဖြစ်စေရန် ၀ိုင်းဝန်း အကြံဉဏ်ပေး၊ စီစဉ်ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအဖွဲ့ချုပ်အနေဖြင့် အိမ်အကူ တရားဝင်ပို့ဆောင်ခြင်း ကိစ်္စရပ်များတွင် ဈေးပြိုင်ခေါ်ဆိုမှုများ၊ အလုပ်အကိုင် လိုအပ်ချက်များနှင့် ပတ်သက်၍ စိစစ်ပေးရန်၊ အလုပ် သမားများအတွက် ကာကွယ်မှုပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များဘက်မှ ပါဝင်ဆောင်ရွက်ရန် လိုအပ် သည့်အတွက် ထိုသို့တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် ထိုကိစ္စများတွင် ကြပ်မတ်ပေးရန် သာဖြစ်ပြီး ၀င်ရောက်ခြယ်လှယ်စွက်ဖက်မည် မဟုတ်ကြောင်းမြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်လုပ်ငန်း ရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁) ဦးဝင်းထွန်းက ဆိုသည်။

“ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ အိမ်အကူသွားရောက်ကြမယ့် မိန်းကလေးကို ကာကွယ်ပေးဖို့ အဓိက တာဝန်ယူတာပါ။ အေးဂျင့်တွေနဲ့ ပတ်သက်လို့လည်း သူတို့လုပ်ငန်းပိုင်းကို ၀င်ရောက်ခြယ်လှယ်မှုလုပ် မှာမဟုတ်ဘဲ ကျွန်တော်တို့ ကြပ်မတ်မဲ့ အပိုင်းပါ။ ကြပ်မတ်တယ်ဆိုရာမှာလည်း သူတို့ရဲ့ ကျင့်ဝတ် သိက္ခာပိုင်းထိန်းသိမ်းကြဖို့အတွက် ဖြစ်ပါတယ်”ဟုဆိုသည်။

အိမ်အကူသွားရောက်လုပ်ကိုင်ကြမည့် အမျိုးသမီးများကို အိမ်မှုကိစ္စဆောင်ရွက်မှု လက်တွေ့သင်တန်း၊ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်တွင် ကြုံတွေ့လာနိုင်သည့် ပြဿနာများကို ကြိုတင်ပြင်ဆင်နိုင်ရန် သင်ကြားပေးခြင်း၊ ဘာသာစကားအနေဖြင့် အင်္ဂလိပ်စာနှင့် သွား ရောက်လုပ်ကိုင်မည့်နိုင်ငံ၏ ဘာသာစကား၊ ဓလေ့ထုံးတမ်းများကို သင်တန်းပေးပြီးမှသာသွားရောက် လုပ်ကိုင်ခွင့်ရှိကြောင်း Gold Mind ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက အထွေထွေမန်နေဂျာ ဦးသန့်စင်ဦးက ဆိုသည်။

“ဒီမှာ သင်တန်းပေးထားပြီးပေမယ့် ဟောင်ကောင်ကို ရောက်တဲ့အခါမှာ ထပ်ပြီးလက်တွေ့သင်တန်း နှစ် ပတ်လောက် ထပ်ပေးဦးမှာပါ။ သူတို့အတွက် နေထိုင်ခွင့်ကတ်လုပ်ပေးမယ်။Bank account လုပ်ပေး မယ်။ ဈေးဝယ်ထွက်တာတွေ သင်ပေးမယ်။ ကိုယ်နေရမယ့်အိမ်ရဲ့ သဘောသဘာဝကိုသင်ပေးဦးမှာပါ။ သူတို့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို ပြပေးမှာပါ။ ဟောင်ကောင်မှာ ကျွန်တော်တို့ရုံးခွဲရှိတဲ့ အတွက် သူတို့အလုပ်လုပ်ကြမယ့် အိမ်နဲ့တစ်ပတ်တစ်ကြိမ် အမြဲတမ်းအဆက်အသွယ်လုပ်နေမှာပါ”ဟု ဦးသန့်စင်ဦးက ပြောသည်။

အိမ်အကူ သွားရောက်လုပ်ကိုင်ကြမည့်သူများသည် အင်တာဗျူးအောင်ပြီးသည်မှ တစ်ဖက်နိုင်ငံတွင် အလုပ်ဝင်ရောက်သည့်အချိန်ထိ ငွေကြေးကုန်ကျမှုမရှိဘဲ အကြွေးစနစ်ဖြင့် သွားရောက်လုပ်ကိုင်နိုင်ပြီး ၀န်ဆောင်စရိတ်ကို သတ်မှတ်လစာထဲမှ ဖြတ်ယူသွားမည်ဖြစ်သည်။

အိမ်အကူသွားရောက်လုပ်ကိုင်ကြမည့် အမျိုးသမီးများတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီးများစွာပါဝင်ပြီး အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ပေးထားသည့် အလုပ်သမားဥပဒေအတိုင်း အလုပ်သမား အခွင့်အရေးနှင့်အညီ လုံခြုံစွာသွားရောက် လုပ်ကိုင်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆို သည်။

Mizzima - News in Burmese