ကြံ့ခိုင်ရေးအမတ်အချို့ နှမြောနေသည့် မြစ်ဆုံစီမံကိန်း – တာမွေအောင်ကို

ပို့စ်တင်ချိန် - 2/22/2014 12:04:00 PM


အခုလူတွေက မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြတယ် ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ် ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွား မယ် နှမြော ဖို့ကောင်းတယ် . . .

ဧရာဝတီမြစ်အစ မေခမလိခ ပေါင်းစုံရာဒေသ သုံးမြှောင့်ပုံသဏ္ဌာန် ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံစီမံကိန်း အလုံးစုံ ဖျက်သိမ်းေ ပးရေး တောင်းဆိုသံများ၊ ဆန္ဒဖော်ထုတ်ပွဲများ ယခင်ကလောက် အသံတွေ မကြားရတာ ကြာပြီဖြစ်သည် မြန်မာနိုင်ငံအတွင်း ပွတ်လောရိုက် ဆူညံခဲ့သော အသံများ ယခုတော့ သွေးအေးနေပြီ။ ကချင်ဒေသ မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားတာ ယခုဆို သုံးနှစ်ကျော်၊ လေးနှစ်ခန့် ရှိပြီဖြစ်သည်။ ဤစီမံကိန်းအား ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် ဒီဇင်ဘာလ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး၍ သဘောတူ စာချုပ်ချုပ်ဆို ခဲ့ကြခြင်းဖြစ်သည်။ လုပ်ငန်းစတင် လုပ်ဆောင်ခွင့်ကိုတော့ ယခင်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ကျမှ ပါမစ်ချပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်ဘက်မှလည်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ အလုံးအရင်း များစွာဖြင့် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းအား အပြီးအပိုင် ရပ်ဆိုင်း၍  မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဆန္ဒဖော်ထုတ် ခဲ့ကြသောကြောင့် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး မြစ်ဆုံ စီမံကိန်းကြီးအား ရပ်ပစ်ရန် ဆန္ဒအသီးသီး ဖော်ထုတ်ခဲ့ကြသော်လည်း ဒီမြစ်ဆုံစီမံကိန်းကြီးက ယနေ့အထိ သက်ဝင်လျက် လှုပ်ရှားမှု ရှိနေဆဲပင် ဖြစ်သည်။ တစ်ဖက် နိုင်ငံဘက်ကလည်း ပြန်လည် ကမ်းလှမ်း လာတာတွေ ကြားနေရပြန်သည်။ ဒီစီမံကိန်းကြီးအား လိုလားသူများကလည်း လိုလားလျက် ရှိနေကြဆဲပင်ဖြစ် သည်။ လိုလားသူတွေက မြန်မာနိုင်ငံတော်ကြီးနှင့် ပြည်သူ့ အကျိုးစီးပွား ဖျက်ဆီးလို သူများနှင့် မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူများ။ အမျိုးသားရေး စိတ်ဓာတ် အားနည်းနေသူများကတော့ စီမံကိန်းကြီး  ပြန်လည် လုပ်ဆောင်စေချင်နေတာကတော့ အမှန်ပင် ဖြစ်ပါသည်။

myit sone2ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မိမိတို့ကြံ့ခိုင်ရေး ပါတီထဲတွင် ရှိနေစဉ်တုန်းက မိမိနားဖြင့် ကြားခဲ့ရသော စကားလုံးများကြောင့် ထိုသို့ ပြောရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း အမိန့်ထွက်ပေါ်ခဲ့ပြီး ကာလ အနည်းငယ်အကြာ တာမွေကြံ့ခိုင်ရေး၊ ပြည်သူ့လွှတ်တော် အမတ်ကြီး လွှတ်တော်မှ ပြန်အလာ ရပ်စည်းများနှင့် အပတ်စဉ် အစည်းအဝေး တစ်ခုတွင် ပြောကြားခဲ့သည်က ““အခုလူတွေက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြတယ်။ ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။ ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး။ တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွားမယ် နှမြောဖို့ ကောင်းတယ်””ဟု ပြောကြားခဲ့သည့် စကားများနှင့် အခုတစ်လော ကြားနေကြရပြန်သည့် အထက်ပိုင်း အညာဒေသ၊ နယ်တွေက ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အစည်းအဝေး၊ အခမ်းအနားတွေမှာ လက်ရှိလွှတ်တော် ပြည်ခိုင်ဖြိုး အမတ်တွေက ဘာပြောပြီး စည်းရုံးကြသလဲဆိုရင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး တကယ် ဖြစ်ပေါ်လာရင် ဒီလို ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိရေး အစည်းအဝေးတွေ လုပ်စရာတောင် မလိုဘူး။ ရွာတွေအားလုံး မီးလင်းသွားမယ်ဟု ပြောဆို စည်းရုံးနေကြသည်ကို ကြားနေရသည်။ ဒီမြစ်ဆုံစီမံကိန်းကို လိုလားနေကြသည့် သဘောသက်ရောက်နေသည်။ အခု တရုတ်အစိုးရ ကလည်း ပြန်လည်ကမ်းလှမ်း လာတယ်လို့ ကြားနေကြပြန်တယ်။ ဒါကလည်း မဆန်းပါ၊ သူရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေက နည်းမှမနည်းဘဲ၊ သူတို့ဘာကြောင့်  ဒီမြစ်ဆုံစီမံကိန်းကြီးကို ဘာကြောင့် လက်လွှတ် အဆုံးရှုံးမခံနိုင်ရတာလဲ၊ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မည်ထင်တယ်၊ မြစ်ကြီးနား ဇာတိဖွားတစ်ယောက်က မိမိကိုပြောခဲ့ဖူးသည်။ ကျွန်တော်တို့ မေခ၊ မလိခ မြစ်ဆုံနေရာ ဧရာဝတီမြစ်မှာ ဟိုတုန်းကတည်းက ရွှေတွေ ကျင်နေခဲ့ကြတာ။ ခဲကိုပြဒါးထည့်ပြီး မြစ်ရေမှာ မြှုပ်ထားတာ ရေစီးပါလာတဲ့ရွှေက အဲဒီထဲကိုဝင်၊ အဲဒါကို ရွှေကျင်ကြတာ လျှပ်စစ်က အဓိက မဟုတ်ဘူး ထင်တယ်၊ ရွှေကို အဓိက လုပ်တာ၊ မြစ်ဆုံဆိုတဲ့ နေရာက တကယ် ရွှေထွက်တဲ့နေရာ၊ အဲဒါကို ရအောင် မရှာကြဘူး၊ အဲဒီကထွက်တဲ့ မြေတွေက တန်ဖိုးရှိတယ်။ ရေအားလျှပ်စစ်ပဲ အပေါ်ယံ သဘောလေး လာပြောနေကြတာ၊ ရွှေကို မပြောကြဘူး၊  သေချာ စုံစမ်းကြည့်စေချင်တယ်၊ နှစ်ပေါက်တစ်ပေါက် ရိုက်နေသလို ဖြစ်နေတယ်။ ဆရာမ ရွှေကူမေနှင်းရေးတဲ့ ဂျာနယ်မဂ္ဂဇင်း တစ်စောင်ထဲမှာ ဖတ်ရတယ်။ ဧရာဝတီမြစ် မေခ၊ မလိခက ရွှေကြောဖြတ်ကို ဖြတ်လာတယ်လို့ ရေးသားထားတယ်။ အဲဒီက ရေကိုသောက်ရင် ကိုယ်ရေပြား ရောဂါတောင် မဖြစ်ဘူးတဲ့၊ တစ်ခါလာလည်း ဒီလျှပ်စစ် ရေအားစီမံကိန်း၊ အဓိကယက ရွှေ၊ အံ့အားသင့်တယ်၊ ကျွန်တော်ထင်တာကို ပြောတာနော်။ တကယ်မဖြစ်သင့်တဲ့ကိစ္စ၊ ကျွန်တော်တို့ မြန်မာတွေ သေချာစုံစမ်းပြီး စမ်းသပ်စေချင်တယ်။ အဲဒီမှာရှိတဲ့ ကချင်တွေကို သေချာမေးကြည့်ရင် ကောင်းမယ်ဟု  ပြောခဲ့သည်ကို ပြန်စဉ်းစား နေမိသည်။

myit sone1

ယခုငြိမ်သက်နေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိစ္စ အလုံးစုံ ရပ်ဆိုင်းရန်၊ ရန်ကုန်မြို့မှနေပြီး ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ ဦးဆောင်၍ ပြုလုပ်ကြမည်ဟု သိရသည်။  တရုတ်အစိုးရက ပြန်လည် ကမ်းလှမ်းလာတဲ့အခါမှာ ကျွန်တော်တို့က အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြည်သူတွေ ငြိမ်သက်နေတာကို ပြန်လည် လှုပ်နှိုးလိုက်တာ နိုင်ငံရေး အမြတ်ထုတ်တာ မဟုတ်ပါဘူး ဟုလည်း ဦးဆောင် ပြုလုပ်သူများက ပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ရာတွင် လိုက်ပါသူများအတွက် လိုအပ်သော အကူအညီ၊ ဆေးဝါး အစစအရာရာ ကူညီရန်အတွက် အမည် မဖော်လိုသူများကလည်း ငွေကြေးများ လှူဒါန်းထားသူများလည်း ရှိကြောင်း၊ မြစ်ဆုံဒေသမှာရှိတဲ့ ကချင်တိုင်းရင်းသား တွေကလည်း ဒီမြစ်ဆုံဒေသကြီး မရပ်ဆိုင်းဘူးဆိုရင် သူတို့ရင်ထဲမှာ ပင်လုံစိတ်ဓာတ်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ အရမ်းကြောက်ဖို့ ကောင်းတယ်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်တစ်ဦးက ပြောသည်ဟုလည်း ကြားသိရသည်။ မြန်မာနိုင်ငံသားတို့၏ မျိုးချစ် စိတ်ဓာတ်ကို ကမ္ဘာကသိအောင် ရန်ကုန်မှ မြစ်ဆုံဒေသသို့ ရက်ပေါင်း ၁၀၀ ကျော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည့် သူများအား မြန်မာပြည်ကိုချစ်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော ပြည်ထောင်စု စိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ရှိကြသော သူများကတော့ မြစ်ဆုံ စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ယခု ဆန္ဒဖော်ထုတ်သည့် ပုံများအား အပြည့်အ၀ ထောက်ခံ အားပေးနေကြမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့က ဤမြစ်ဆုံ စီမံကိန်းကြီးအား နိုင်ငံတော် သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်း လိုက်ကြောင်း ရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့် ကြေညာလိုက်စဉ်က မြန်မာပြည်သူ ပြည်သားအားလုံး ပျော်မဆုံး မော်မဆုံး လက်ခုပ်သြဘာတီး၍ အားပေးခဲ့ကြတာကို ပြန်မြင်ယောင်နေမိပြီး အဲဒီ အချိန်က ကျွန်တော်တို့အားလုံး သမ္မတကြီးဦးသိန်းစိန် ကျန်းမာစေလိုကြောင်း ဆုမွန်ကောင်းများ ဆုတောင်း ပေးခဲ့ကြသည် မဟုတ်ပါလားခင်ဗျား ….။         ။

Myanmar Thandawsint Newspaper