ဇာတ်လမ်းတွဲ၊ ဖန်တီး မှုအနုပညာ၊ ရိုးရာယဉ်ကျေးမှု အခြေခံရိုက်ကူးမှုနှင့် ပထမဆုံး မြန်မာဇာတ်လမ်းတွဲ အချစ်ကြီးသူများအကြောင်း

ပို့စ်တင်ချိန် - 2/18/2014 04:15:00 PM



နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကျော်သူပါဝင်သရုပ်ဆောင်ခဲ့သည့် " အချစ်ကြီးသူများ" ဇာတ်လမ်းတွဲမှာ နှစ်၂ဝ ကျော် ပြသခွင့်ပိတ်ခံခဲ့ရာက မကြာမီ င်္Family Entertainment က ပြန်လည်ထုတ်လွှင့်လာ ဖွယ်ရှိကြောင်းသိရ၍ ဦးကျော်သူထံ သွားရောက်တွေ့ ဆုံကာ မေးမြန်းဖြစ်ခဲ့ပါသည်။

ဇာတ်လမ်းတွဲ သဘောတရား၏ အရေးပါပုံနှင့် အဓိကကျသော အချက်၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဇာတ်လမ်းတွဲဟုဆိုရမည့် "အချစ်ကြီးသူများ" ဇာတ်လမ်းတွဲ ရိုက် ကူးခဲ့မှုအမှတ်တရများနှင့် ပတ်သက်ပြီး

ဦးကျော်သူက..

" အချစ်ကြီးသူများဇာတ်လမ်းတွဲက အခန်းစဉ် ၅ဝဝ လောက်ရှိမယ်။ ကြာပြီဆိုတော့ မမှတ်မိတော့ဘူး။ တစ်လကျော်လောက် ပြင်ဦးလွင်မှာ သွားရိုက်ရတယ်။

ဇာတ်လမ်းလည်းတအားကောင်းတယ်။ ထုတ်လုပ်သူက တစ်ဦးသတ်သတ်။ သူက ရိုက်ပြီးတော့ မြဝတီကိုပေးတယ်။ အဲဒီလောက်ပဲသိတယ်။ ဆင်ဆာက
ခွင့်မပြုဘူးဆိုတာက အမျိုးသမီးရေးရာက အမျိုးသမီးတွေကိုထိခိုက်တဲ့ အပိုင်းပါတယ်ဆိုပြီး အပိတ်ခံရတယ်။ အခု ပြန်ပြီးထုတ်လွှင့်ခွင့်ရမယ် ဆိုတော့ဝမ်းသာစရာပေါ့။

မှတ်မှတ်ရရကတော့ ဆင်းန်နံပါတ်အဆက်တွေ ပြန်ရိုက်တဲ့အခါ အဆက်က အဝတ်အစား ပြန်ရှာရတာ ခေါင်းတော်တော်စားရတယ်။ အဲဒီဆင်းန်ပေါင်းများစွာကို အဝတ်အစားပိုင်းမှာ အဆက်ရှိရင် သေသေချာချာ ခေါက်ထားရတယ်။ ဖဲရိုက်တဲ့အခန်းလည်းပါတော့ ကျွန်တော်က ဖဲမရိုက်တတ်တော့ တော်တော် လေး အခက်ခဲဆုံးဖြစ်တယ်" ဟု ပြောပြပါသည်။

အဆိုပါ ဇာတ်လမ်းတွဲရိုက်ကူးခဲ့ချိန်၌ ဒါရိုက်တာများ ဖြစ်ကြသည့် ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ဆီက ယုံကြည်မှုအပြည့်အဝရရှိခဲ့သလို ကိုယ်တိုင် ပထမဆုံးဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်ခဲ့ရမှု အတွေ့အကြုံများကိုလည်း ဦးကျော်သူက " ဒီဇာတ်လမ်း တွဲကို မြန်မာပြည်မှာ ကျွန်တော်တို့က ပထမဆုံး စရိုက်တာဖြစ်လိမ့်မယ်။

အဲဒီတုန်းက တရုတ်ကားတွေ လောက် ပဲရှိသေးတယ်။ ကိုရီးယားဆိုတာ ဘယ်မှာလဲ တောင်မသိကြသေးဘူး။ ဇာတ်လမ်းတွဲရိုက်တာက အတွေ့အကြုံသစ်ရချင်လို့ လက်ခံခဲ့တယ်။

ဒါရိုက်တာကလည်း ခင်မောင်ဦး၊စိုးသိမ်းထွဋ်ဆိုတော့ တကယ့်ပညာရှင်ကြီးလည်း ဖြစ်တဲ့အတွက် အပြည့်အဝယုံကြည်တယ်။ ဒီဇာတ်လမ်းတွဲလက်ခံ ရိုက်ကူးတဲ့အခါမှာ တခြားဇာတ်ကားတွေ ကို ငြင်းလိုက်ရတာတွေ ရှိတယ်။ ဇာတ်လမ်းတွဲက သိပ်အန္တရာယ်ကြီးတယ်။ ပရိသတ်ကို တစ်ပိုင်းချင်းဆွဲပြီး ကိုယ့် ဘက်ပါလာအောင် ဆွဲခေါ်ရ တယ်။
တစ်လျှောက်လုံး တန်ပိုမြင့်ပြီး ဇာတ်သိမ်းပိုင်းလည်းကျရော တန်ပိုကျသွားရင် ပရိသတ်ကျေနပ်မှုမရှိရင် အောင်မြင်မှာမဟုတ်ဘူး။

ပရိသတ် တွေဆဲတာခံရလိမ့်မယ်။ ဇာတ် လမ်းတွဲမှာ တန်ပိုအတက်အကျက အရေးကြီးတယ်ဆိုတာ သိလာတယ်။ တစ်ပိုင်းပြီးတစ်ပိုင်း ဆွဲဆောင်လို့ရအောင် စဉ်းစားရတယ်။ဘာဖြစ်သွားတာလဲ၊ ဘာ ဖြစ်မလဲဆိုတဲ့ ပရိသတ်ရင်ထဲ ကမေးခွန်းနဲ့ ကြည့်ချင်တဲ့စိတ်ကို ချိန်ဆတတ်ဖို့အရေးကြီးတယ်" ဟု ရှင်းလင်းပြောပြခဲ့ပါသည်။ ကိုရီးယားရုပ်ရှင်ပွဲတော်သို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့်
ဦးကျော်သူက..

" ကိုရီးယားကို လွန်ခဲ့တဲ့ နှစ် ၂ဝနီးပါးလောက်က ရုပ်ရှင်ပွဲတော်ကို တစ်ခေါက်ရောက်ဖူးတယ်။ ရုပ်ရှင်ပွဲတော်ရောက်တော့ အဲဒီတုန်းက တောင် ကိုရီးယားနိုင်ငံက ပြန်ထူထောင်တဲ့အချိန်ဖြစ်တယ်။ သူတို့နိုင်ငံထောင်တဲ့အခါမှာ အနုပညာအင်အားနဲ့ ကမ္ဘာကသိအောင် လုပ်ခဲ့တယ်။ အစိုးရရော၊ စီးပွားရေးရော၊ လုပ်ငန်းရှင်ရော၊

အနုပညာရှင်ရော လုပ်ခဲ့တယ်။ သူတို့ ပြည်တွင်းဖြစ်ပစ္စည်းကို အနုပညာကနေတစ်ဆင့် ဖြန့်တယ်။ မျိုးချစ်စိတ်လည်း ရှိတယ်။ ဒါကြောင့် နိုင်ငံတကာကို လည်း ထိုးဖောက်နိုင်တယ်။ သို့ သော် နိုင်ငံတကာကိုထိုးဖောက်လို့ရအောင် အဖော်အချွတ်တွေ၊ သောက်စား တာတွေ၊အိမ်ထောင် ရေးဖောက်ပြန် တာကတော့ သူ တို့ယဉ်ကျေးမှုကို ထိခိုက်စေ တယ်။ဒါကိုတော့အတုယူ သတိ ထားရမယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းမှ ကမ္ဘာက မြန်မာ ဆိုတာ စိတ်ဝင်စားလာမယ်၊ သိလာမယ်။

နိုင်ငံခြားသားတွေ မြန်မာလာပြီး မြန်မာလူမျိုးတွေ ငါတို့နဲ့ မခြားနားပါဘူးဆိုရင် တော့ မဖြစ်ဘူး။ ကိုယ့်ယဉ် ကျေးမှု ဓလေ့ထုံးစံကို ထိန်း သိမ်းပြီး ထိုးဖောက်ဖို့အရေး ကြီးတယ်။ မြန်မာ ဇာတ်လမ်းတွဲ အာရှနိုင်ငံအထိ ထိုးဖောက်ဖို့ ဆိုရင် အစိုးရပံ့ပိုးမှုက အရေး ကြီးတယ်။ ရိုက်ကူးမှုမှာ တက္က သိုလ် ဇာတ်ဝင်ခန်း၊ လေဆိပ်၊ သင်္ဘောဆိပ်စတဲ့ နေရာတွေမှာ ရိုက်ခွင့်ပြုဖို့ ကိုယ်တို့ဘက် ကလည်း စည်းကမ်းတကျရှိဖို့ လိုအပ်တယ်" ဟု မြန်မာဇာတ်လမ်းတွဲများအာရှမှသည် ကမ္ဘာသို့ ထိုးဖောက်အောင်မြင်ရန် အကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့၏ ရုပ်သံဇာတ်လမ်းတွဲများတွင် မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းထားကြတာ မြင်တွေ့ရပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးသည့်အခါ မိမိနိုင်ငံနှင့်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထည့်သွင်း ရိုက်ကူးသင့်ကြောင်း ကိုလည်း " ဗီဒီယိုဇာတ်ကားဆိုတာ ဇာတ်ကားတစ်ကား ကြည့်ဖို့ အတွက် ငှားကြည့်ရတယ်။ ဇာတ်လမ်းတွဲကြည့်မယ်ဆိုရင်စောင့် ကြည့်ရတာပဲ။

ဥပမာ ကိုရီးယား ကားတွေဆိုရင်တစ်ပိုင်း၊ နှစ်ပိုင်းလောက် စောင့်ကြည့်ပြီး အခွေ ထွက်လာရင်ဝယ်ကြည့်ကြတယ်။မြန်မာဇာတ်လမ်းတွဲတွေ အခုရိုက်လာကြတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့လိုအပ်တယ်။ မြန်မာ့ယဉ်ကျေးမှုကို မထိန်းသိမ်းဘဲ ဖြစ်ကတတ်ဆန်း ဒေသန္တရတွေ ရိုက်ကူးမယ်ဆိုရင် တော့ကြာရှည်ခံမှာမဟုတ်ဘူး" ဟု
ဦးကျော်သူက သုံးသပ်ပြောကြားခဲ့ပါသည်။

ထူးထူး
Popular Journal