ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ရှင်းလင်းချက် (အပြည့်အစုံ)

ပို့စ်တင်ချိန် - 2/15/2014 04:53:00 PM


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာအဖြစ်အပျက်နှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် သတင်းများကို စုံစမ်းပြီး  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

——————————————————————————————————

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၄)

၁။  ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာအဖြစ်အပျက်နှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် သတင်းများကိုစုံစမ်းရန်အလို့ငှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၃)ဦးပါ ကော်မရှင်အဖွဲ့သည် ၃၀-၁-၂၀၁၄ ရက်နေ့မှ ၃-၂-၂၀၁၄ ရက်နေ့အထိ စစ်တွေ၊ မောင်တောမြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဒုချီးရားတန်း ကျေးရွာ အုပ်စုသို့လည်း သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

၂။ အဆိုပါ ခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည်-

(က) ဇန်န၀ါရီလ (၉)ရက်နေ့တွင် ဘင်္ဂါလီ (၈)ဦးအား ရခိုင်တိုင်းရင်းသားများက သတ်ဖြတ်ခဲ့သည်ဆိုသောသတင်း

(ခ) ဇန်န၀ါရီ (၁၃)ရက်နေ့တွင် ရဲတပ်ဖွဲ့လှည့်ကင်းအား ဒုချီးရာတန်း အလယ်ရွာမှ ဘင်္ဂါလီများက အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သဖြင့် ဘင်္ဂါလီ (၄၀) ဦး သေဆုံးသည်ဆိုသောသတင်းနှင့်

(ဂ) အထက်ပါပစ်ခတ်မှုများကြောင့် ဒဏ်ရာရလူနာ (၂၂)ဦးအား MSF (Medicines Sans Frontiers) အဖွဲ့မှ ဆေးကုသပေးခဲ့ရသည် ဆိုသော အင်တာနက်သတင်းတို့နှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်ခဲ့ပါသည်-

- ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးအချို့နှင့် ၃၀-၁-၂၀၁၄ ရက်နေ့နှင့် ၃-၂-၂၀၁၄ ရက်နေ့မျာားတွင် တွေ့ဆုံဆွေးနွေးခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ထွက်ဆိုချက်မျးရယူခြင်း၊

- ရဲအရာရှိကြီး (၃)ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င် တာဝန်ရှိသူများ၊ ကင်းချောင်းအုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့၊ မောင်တောရဲစခန်းတွင် စစ်ဆေးချက်ရှိသော အချုပ်သား (၄)ဦးအား စစ်ဆေးမေးမြန်း၍ ထွက်ဆိုချက်များ ရယူခြင်း၊

- ဒုချီးရားတန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဘင်္ဂါလ်ီရွာများမှ အမျိုးသား၊ အမျိုးသမီးများအား မေးမြန်ခြင်း၊ စစ်ဆေး၍ ထွက်ဆိုချက်များရယူခြင်း၊ ဒုချီးရားတန်းအလယ်ရွာ မူလတန်းကျောင်းတွင် ဒုချီးရားတန်းကျေးရွာမှ ကျေးရွာ လူကြီးများနှင့် ဘာသာရေးခေါင်းဆောင် (၂၀) ခန့်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘင်္ဂါလီ(၈)ဦးနှင့် (၄၀)ခန့်အား သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းကို စိစစ်ခြင်း၊

ဒုချီးရားတန်းကျေးရွာမှ အမျိုးသမီး (၂၀၀) ကျော်အား တွေ့ဆုံကာ ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့တိုင်ကြားချက်များရယူခြင်း၊

-       UNHCR, UNOCHA နှင့် MSF အဖွဲ့များနှင့်တွေ့ဆုံးဆွေးနွေးခြင်း၊ သတင်းများစိစစ်ခြင်း၊

-       မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများ နှင့် တွေ့ဆုံဆွေးနွေးခြင်း၊

-       မောင်တောမြို့နယ်ရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံးဆွေးနွေးခြင်း။

-       အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ၂၈-၁-၂၀၁၄ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဒုချီးရားတန်းအနောက်ရွာအပါအ၀င် ဒုချီးရားတန်းကျေးရွာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊

-       ခရေမြိုင်ကျေးရွာသင်္ချိုင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊

၃။  အထက်ဖေါ်ပြပါ ဆောင်ရွက်ချက်များမှ ကော်မရှင်အဖွဲ့၏ တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ဇန်န၀ါရီ ၉ ရက်နေ့တွင် ဘင်္ဂါလီ ၈ ဦးအသတ်ခံရသည့်သတင်းမှာ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ခရေမြိုင်ရွာနှင့် ကင်းချောင်းရွာတို့တွင် မြေပြင်သတင်းများ မဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သို့ရာတွင် ကောလာဟလအဖြစ် အရပ်သတင်းဖြစ်နေသည်ကို တွေ့ရပါသည်။

(ခ)  ဘင်္ဂါလီ ၈ ဦးအား ခရေမြိုင်သင်္ချိုင်းတွင် မြှုပ်ထားသည်ကို ထင်းခုတ်သမားတစ်ဦးက တွေ့မြင်ခဲ့သည်ဟူသော သတင်းသည် ဒုချီးရားတန်းဘင်္ဂါလီရွာများတွင် ဖြစ်ပေါ်ခဲ့သော်လည်း ဤသတင်းကို အတည်ပြုနိုင်သော အထောက်အထားများမတွေ့ရှိရပါ။

(ဂ)  ရခိုင်တိုင်းရင်းသားများအနေဖြင့်မှု ဤသတင်းအား အင်တာနတ်သတင်းအဖြစ်သာ သိရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

(ဃ)  ဤသတင်းများကို ဒုချီးရားတန်းရွာမှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ဒုချီးရားတန်းရွာမှ အမျိးသမီး ၂၀၀ ကျော်နှင့် တွေ့ဆုံရာတွင်လည်းကောင်း မည်သူကမျှတင်ပြခြင်း၊ ထွက်ဆိုခြင်းများမရှိကြောင့် တွေ့ရှိရပါသည်။

(င)  ဘင်္ဂါလီ ၈ ဦးအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည့် သတင်းအမျိုးမျိုးသည် အတည်ပြု၍ မရသည်ကို တွေ့ရပါသည်။

(စ)  ဇန်န၀ါရီလ ၁၃ ရက်နေ့ ဒုချီးရားတန်း(အလယ်ရွာ) ဖြစ်စဉ်ဖြစ်ပွားပြီး ယင်းညတွင် တပ်နှင့်ရဲတပ်ဖွဲ့တို့မှ ဒုချီးရားတန်းရွာတွင်းသို့ ၀င်ရောက်၍ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ရှာဖွေခဲ့ကြောင်း သိရသည်။

(ဆ)  ဒုချီးရားတန်းဘင်္ဂါလီရွာများမှ ဘင်္ဂါလီ ၄၀ အသတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရဲအရာရှိကြီးများ၊ သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုချီးရားတန်းကျေးရွာမှ ဘင်္ဂါလီရပ်မိရပ်ဖများနှင့် အမျိုးသမီးများထံမှ ကော်မရှင်အဖွဲ့က ထွက်ဆိုချက်များအားရယူခဲ့ရာတွင် အဆိုပါသတင်းများ မှန်ကန်ကြောင်း အတည်ပြုချက်မရရှိခဲ့ပါ။

(ဇ) ဘင်္ဂါလီဘာသာရေးကောင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးများအား ၎င်းတို့၏ အမြင်များကို ပွင့်လင်းစွာတင်ပြရန် မိမိတို့ကော်မရှင်က တိုက်တွန်းခဲ့သော်လည်း ထွက်ဆိုချက်များသည် အတည်ပြုနိုင်သော သတင်းအချက်အလက် တစ်စုံတစ်ရာမပါရှိကြောင်း တွေ့ရပါသည်။

(ဈ)  ဘင်္ဂါလီရွာသားများ၏ ထွက်ဆိုချက်များတွင်လည်း ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သည့် ကင်းလှည့်အဖွဲ့အား ရွာသားများက အကြမ်းဖက်သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ ထွက်ဆိုခြင်မရှိခဲ့သည်ကိုလည်း သတိပြုမိခဲ့ပါသည်။

(ည)  ဘင်္ဂါလီများသတ်ဖြတ်ခံရသည့် သတင်းကို ဖော်ပြရာတွင်လည်း ကွဲလွဲနေသည်ကို တွေ့ရပါသည်။ ဥပမာ-ဇန်န၀ါရီ ၁၃ ရက်နေ့ညတွင် ရဲများပစ်ခတ်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်ဟူသော သတင်းများရှိသကဲ့သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် သို့လည်း အသတ်ခံရသူ ၅၂ ဦး စာရင်းပေးခဲ့သည်ဟူသော သတင်းမှားများဖေါ်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ သို့သော် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ အသတ်ခံရသူ ၅၂ ဦး စာရင်းကို အမှန်တကယ်ပေးခဲ့ခြင်းမရှိပါ။

၎။  ကော်မရှင်အဖွဲ့သည် MSF အဖွဲ့ကို တွေ့ဆုံဆွေးနွေးရာတွင် MSF အဖွဲ့က သေနတ် ဒဏ်ရာရရှိသူတစ်ဦး၊ ညိုမည်းဒဏ်ရာရရှိသူ(၄) ဦး၊ ပြတ်ရှဒဏ်ရာရရှိသူ(၁၀)ဦးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူ(၇)ဦး စုစုပေါင်း(၂၂)ဦးအား ကုသပေးခဲ့သည်ဟု ဖြေကြားပါသည်။ သို့ရာတွင် ၎င်းအဖွဲ့အစည်းက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းသဘာဝကြောင့် လူနာ အမည် စာရင်းသည် အတွင်းရေးကိစ္စဖြစ်သဖြင့် လူနာအမည်စာရင်းပေးအပ်နိုင်ခြင်းမရှိကြောင်း ဖြေကြားပါသည်။ မေးမြန်းရာတွင် သေနပ်ဒဏ်ရာလူနာကိစ္စကိုမှု ရံတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနသို့ အသိပေးခဲ့ခြင်းမရှိကြောင်း၊ ယင်းလူနာအား ဆေးရုံသို့ သွားရောက်ရန်သာ တိုက်တွန်းခဲ့ကြောင်း ဖြေကြားပါသည်။ သို့သော် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ စစ်ဆေး ဖော်ထုတ်ချက် အရ MSF ဆေးခန်းတွင် ယင်းကဲ့သို့သော ဒဏ်ရာရရှိသူများအား ကုသပေးရခြင်း မရှိကြောင်း အဆိုပါ ဆေးခန်းမှ ဆရာဝန်နှစ်ဦးက ထွက်ဆိုခဲ့သည်ကိုလည်း သိရှိရပါသည်။

၅။  ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များကို ၅-၂-၂၀၁၄ ရက်တွင် ကျန်ကော်မရှင် အဖွဲ့ဝင်များနှင့် ဆွေးနွေးပြီး အောက်ပါသုံးသပ်ချက်နှင့် အကြံပြုချက်များရရှိခဲ့ပါသည်။

-       ဘင်္ဂါလီ ၈ ဦးနှင့် ၄၀ ဦးအသတ်ခံရသည်ဟုစွပ်စွဲသည့် သတင်းကို ခိုင်မာသော မြေပြင် သတင်း မရှိသဖြင့် အတည်ပြု၍မရသော သတင်းများဟု သုံးသပ်ပါသည်။

-       ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူအစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် အခြေအနေအမှန်ကို သတင်းထုတ်ပြန်ရန် နောက်ကျကြောင်း၊ ယင်းနောက်ကျမှုသည် ကောလာဟလနှင့် အခြေအမြစ်မရှိသည့် သတင်းများကို ဖြစ်စေခဲ့သည်ဟု သုံးသပ်ပါသည်။

-       ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဦးစီးသည့် ရဲသားသုံးဦးသည် ဘင်္ဂါလီအုပ်စုက ၀ိုင်း၍ တိုက်ခိုက်ရန်လာသည့်အခါ အမိန့်အတိုင်း ခြောက်လှန့်ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ကျည်မထွက်သဖြင့် အကြမ်းဖက်အုပ်စုအား တားဆီးနိုင်ခြင်းမရှိဘဲ အခြေအနေချုပ်ထွေးသွားပြီး ရဲတပ်ကြီးပျော်ဆုံးသည်အထိ ဖြစ်ပွားသည်ဟု သုံးသပ်ရပါသည်။ အလားတူ အဖြစ်အပျက်များ နောင်မဖြစ်စေရေးအတွက် လိုအပ်သည့်အရေးယူဆောင်ရွက်မှုပြုရန် အကြံပြုအပ်ပါသည်။

-       ၁၃-၁-၂၀၁၄ ရက်နေ့ညတွင် ဒုချီးရားတန်းမရှေ့နှင့် အလယ်ရွာများမှ ရွာသားများသည် ထွက်ပြေး တိမ်းရှောင်သွားမှုကြောင့် ရှုပ်ထွေးမှုဖြစ်ပွားလာချိန်တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ ဆန်စပါးနှင့် ကျွဲ၊ နွားများ လုယက်ခံခဲ့ရသည်ဟု ယူဆရပါသည်။ အဆိုပါကျေးရွာနှစ်ရွာတွင် စားနပ်ရိက္ခာနှင့် အခြား အခြေခံလိုအပ်ချက်များရှိနေသဖြင့် ထောက်ပံ့ရေးကို လိုအပ်သကဲ့သို့ ဆောင်ရွက်သင့်ပါသည်။

-       ဒုချီးရားတန်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့်ကျေးရွာများအကြား တင်းမာမှုများနှင့် စိုးရိမ်မှုများ ဆက်လက်ရှိနေသည်ကို ထောက်ရှု့လျက် အဆိုပါ ဒေသများတွင် ပြဿနာများ ထပ်မံ မပေါ်ပေါက်စေရန် အထူးလုံခြုံရေးအစီအမံများကို ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

Narinjara နိရဉ္စရာ