ဗင်နီဇွဲလား ဆန္ဒပြပွဲအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ များပြား

ပို့စ်တင်ချိန် - 2/20/2014 02:44:00 PM

ဓာတ်ပုံ -​ရိုက်တာ


ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း အစိုးရတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေ သေဆုံးမှု ထပ်မံဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြို့တော် ကာရာကတ်မှာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ကြပြီး ဆန္ဒပြသူတွေကလည်း အစိုးရတပ်ဖွဲ့တွေကို ဓာတ်ဆီပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့ကြပါတယ်။

အသက် ၄၂ နှစ်အရွယ် နာမည်ကျော် ဟားဗတ်တက္ကသိုလ်ကျောင်းဆင်း အတိုက်အခံခေါင်းဆောင် လီယိုပေါလ်ဒို လိုပက် (Leopoldo Lopez)ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အစိုးရကို ဥပဒေကြောင်းအရ ရင်ဆိုင်မယ်ဆိုပြီး သွားရောက် အဖမ်းခံခဲ့ပါတယ်။ ၃ ပတ်ကြာ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အခုလို သွားရောက်အဖမ်းခံခဲ့တာလည်း ဖြစ်ပါတယ်။
အစိုးရ၀န်ကြီးတွေနဲ့ အစည်းအဝေးမှာ သမ္မတ မာဒူရိုက ဖက်ဆစ် အတိုက်အခံခေါင်းဆောင် လီယိုပေါလ်ဒို လိုပက်ကို ထောင်ထဲမှာ လုံခြုံရေးအထူအထပ်နဲ့ ဖမ်းထားတယ်။ တိုင်းပြည်အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင်တွေကို တယောက်ချင်း ဖမ်းပြီးထောင်ချမယ်။

ဒါဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို အစိုးရခေါင်းဆောင်၊ နိုင်ငံ ခေါင်းဆောင်တယောက်အနေနဲ့ ကာကွယ်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အတိုက်အခံတွေနဲ့ ဆန္ဒပြသူတွေက ဗင်နီဇွဲလားနိုင်ငံမှာ ငွေဖောင်းပွမှု အမြင့်ဆုံးဖြစ်လာ မှု၊ ရာဇ၀တ်မှုတွေ ထူပြောလာမှုနဲ့ အခြေခံစားကုန်တွေ ပြတ်လပ်မှုတွေကို အစိုးရအနေနဲ့ ဖြေရှင်းနိုင်ခြင်း မရှိလို့ သမ္မတနဲ့ အစိုးရကို နုတ်ထွက်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းက ဗယ်လင်စီယာမြို့ဆန္ဒပြပွဲမှာ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မြို့အလှမယ် ဂျနက်ဆစ် ကားမိုနာ (Genesis Carmona) ဟာ ခေါင်းမှာ ထိမှန်တဲ့ သေနတ်ဒဏ်ရာနဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သေဆုံးသွားပါတယ်။

သူရဲ့ သေဆုံးမှုဟာ အဲဒီနေ့က ၅ ဦးမြောက်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ “သူ ကျမကို တွဲထားတဲ့အချိန်မှာပဲ ခေါင်းကို ထိသွားတယ်။ အဲ့ဒီအချိန်မှာ မူးပြီး လဲကျသွားတာ။ သေနတ်နဲ့ ပစ်ခံထိတာလား မသိဘူး” လို့ သူ့သူငယ်ချင်းတဦးက ပြောပါတယ်။

ကာရာကတ်မြို့တော်မှာ တခြားလူ ၃ ဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့ပြီး ဗင်နီဇွဲလား ဆိပ်ကမ်းမြို့ ကာရူးပါနိုမှာ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတဦး ကားကြိတ်ခံ သေဆုံးခဲ့ပါတယ်။

ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်က လက်ဝဲခေါင်းဆောင် သမ္မတ ဟူဂိုချာဗက် ကွယ်လွန်သွားချိန်မှာ တက်လာတဲ့ သမ္မတ မာဒူရိုအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ သမ္မတ မနုတ်ထွက်မချင်း၊ လမ်းမတွေပေါ်တက်၊ ဆက်လက် ဆန္ဒပြနေမှာ ဖြစ်တယ်လို့ ဆိုနေပေမယ့် သမ္မတ မာဒူရိုကတော့ နုတ်ထွက်ဖို့ အရိပ်အယောင်တော့ မရှိဘူးလို့ ဆိုပါတယ်။

DVB Burmese