နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ရန်ကုန်တွင် တွေ့မည်

ပို့စ်တင်ချိန် - 2/21/2014 11:56:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၅၀၀ ခန့်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန် မြို့တော်၌ တွေ့ဆုံမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော် အဆောက်အအုံတွင် စနေနေ့ နံနက်ပိုင်း၌ ပြုလုပ်မည့် အဆိုပါ တွေ့ဆုံပွဲ သို့ UMFCCI နှင့် ညီနောင်အသင်း ၆၉ သင်းမှ ကိုယ်စားလှယ် ငါးဦးကျစီ၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဖိတ်ကြားသူ စုစုပေါင်း ၅၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။
“သမ္မတကြီးက အောက်ခြေထိ ဆင်းပြီး အခက်အခဲ လိုအပ်ချက်တွေကို မေးမြန်း ဆွေးနွေးတာပါ။ ဒီလိုတွေ့ပြီးရင်လည်း လိုအပ်တာတွေကို ဆောင်ရွက်ပေးလေ့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဆောင်ရွက်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ယခင်ဗဟိုဦးစီးစနစ်ကို ဖြေလျှော့၍ ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေး လုပ်ဆောင်နေကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အောက်ခြေ လုပ်ငန်းရှင်များ၏ မူဝါဒဆိုင်ရာ အခက်အခဲ လိုအပ်ချက်များ သိရှိရန် တွေ့ဆုံပွဲစီစဉ်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

စီးပွားရေး လုပ်ငန်းရှင်များနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်နှင့် ရန်ကုန်မြို့တော်တို့တွင် ယခင်တွေ့ဆုံမှုများ ရှိကြောင်း၊ သို့သော် ယခုတစ်ကြိမ်တွင်မူ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပိုမို အားကောင်းလာစေရေးနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly