ကျွဲတိုက်မိပြီး တိမ်းမှောက်နေသော ပရိုဘောက်ယာဉ်အား ဆူဇူကီးဝက်စ်ဂွန်းယာဉ်မှ ထပ်မံဝင်တိုက်

ပို့စ်တင်ချိန် - 2/12/2014 11:28:00 PM




၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၇/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ထွန်းထွန်းမင်း(၂၈)နှစ် မောင်းနှင် လာသည့် BB/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသော ကျွဲအားရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ပွတ်တိုက်၍ သစ်ပင်အားတိုက်မိကာ ရပ်တန့်သွားခဲ့သည်။ ထိုသို့တိုက်မိရပ်တန့်နေစဉ် မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ကျော်ဇင်ဦး(၂၃)နှစ် မောင်းနှင် လာသော ၁ဂ/xxxx ဆူဇူကီးဝက်စ်ဂွန်းယာဉ်သည် အဆိုပါနေရာတွင် အရှိန်မထိန်းနိုင်ဘဲ ပရိုဘောက်ယာဉ် အား ပွတ်တိုက်မိပြီး လမ်းမပေါ်လဲကျနေသည့် ကျွဲအား ထပ်မံတိုက်မိကာ တိမ်းမှောက်ခဲ့သည်။
ယာဉ်(၂)စီး တိုက်မိတိမ်းမှောက်မှုကြောင့် ပရိုဘောက်ယာဉ်မောင်းဖြစ်သူ ထွန်းထွန်းမင်းတွင် နဖူးနှင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ယာဉ်ပေါ်ပါ ညီဖြစ်သူ အောင်သိန်းမင်း(၂၄)နှစ်တွင် နဖူးပေါက်ပြဲ၊ ရင်ဘတ်အောင့်၊ ယာမျက်ခုံးနှင့် ယာပါးရိုးတို့တွင် ပွန်းပဲ့ဒဏ်ရာများ၊ တစ်မြို့တည်းနေ နိုင်လင်း(၃၀)နှစ်ပါ (၄)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဆူဇူကီးဝက်စ်ဂွန်းယာဉ်မောင်း ကျော်ဇင်ဦးနှင့် ယာဉ်ပေါ်ပါ တစ်မြို့တည်းနေ ကိုအောင်မင်း(၂၉)နှစ်ပါ(၂)ဦးတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ဒိုက်ဦးပြည်သူ့ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင် ပေးခဲ့သည်။ ၎င်းအပြင် ပရိုဘောက်ယာဉ်နှင့် ဆူဇူကီးဝက်စ်ဂွန်းယာဉ်(၂)စီးမှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်ခဲ့သဖြင့် တန်ဘိုးငွေကျပ်(၁၅)သိန်းစီ ပျက်စီးဆုံးရှုံးခဲ့၍ ယာဉ်မဆင်မခြင် မောင်းနှင်သူများဖြစ်သည့် ထွန်းထွန်းမင်းအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ကျော်ဇင်ဦးအား ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ တို့ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်