ယာဉ်တိုက်မှုဖြစ်ပွားသူ၏ ထက်ဝက်ကျော် ယာဉ်မောင်းလိုင်စင်မရှိ

ပို့စ်တင်ချိန် - 2/09/2014 09:50:00 AM


၂၀၁၃ ဧပြီလအတွင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကို တွေ့ရစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
လက်ရှိဖြစ်ပွားနေသည့် ယာဉ်တိုက်မှုများ၏ ထက်ဝက်ကျော်သည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ယာဉ်တိုက်မှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် ယာဉ်မောင်းများ စည်းကမ်းပျက်ခြင်းကြောင့် ဖြစ်ပွားနေရသည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်မောင်းများကို လိုင်စင် ရှိ၊ မရှိ စစ်ဆေးရာတွင် ၅၅ ဒသမ ၄၃ ရာခိုင်နှုန်းကျော်သည် လိုင်စင်မရှိဘဲ မောင်းနှင်နေကြခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကညနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်စီးရေနှင့် ယာဉ်မောင်းလိုင်စင်အချို့ကို စိစစ်ရာတွင်လည်း ၂၀၁၃ ခုနှစ်တွင် ယာဉ်စီးရေ ၁၀၀ တွင် လိုင်စင်မဲ့မောင်းနှင်သူ ၃၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ဆိုသည်။        

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၄၀၀၀ နီးပါး ဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရရှိသူ ၂၃၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူမှာလည်း ၃၇၀၀၀ ကျော် ရှိခဲ့သည်။ ထိုအထဲတွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် ယာဉ်တိုက်မှု ၃၀ ဒသမ ၁၂ မှုခန့် ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၆၄ ဒသမ ၁၅ ဦးခန့်နှင့် သေဆုံးသူ ၁၀ ဒသမ ၁၉ ဦးခန့်ရှိကြောင်း ကညန၏ စာရင်းဇယားများအရ သိရသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်းတွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ယာဉ်တိုက်မှု ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းခန့် မြင့်တက်လာသောကြောင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူဦးရေများမှာလည်း မြင့်တက်နေသည်။ ထို့ကြောင့် ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်များ ကင်းရှင်းရေးအတွက် အရည်အချင်းပြည့်ဝျသာ ယာဉ်မောင်းများကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန် ဦးတည်၍ ဆောင်ရွက်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ ယာဉ်မောင်းသင်တန်းကျောင်းများတွင် တက်ရောက်သင်ကြားပြီးမှသာ ဖြေဆိုခွင့်ပေးတော့ကြောင်း ကညနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Author: သိမ့်သိမ့်စိုး
7DAY DAILY