သေဖို့ပြင်ဆင်သူ

ပို့စ်တင်ချိန် - 2/20/2014 08:45:00 PM


       သေခြင်းတရားဆိုတာ အသံကြားတာနဲ့တင် ထိတ်လန့်စရာပါ။ သတ္တ၀ါတိုင်း သေမှာကြောက်တယ်။ အချို့ဆိုရင် သေမှာကြောက်လို့ကို ဘုံ ခုနှစ်ဆင့်ပေါ်တက်နေတာရှိတယ်။ အစောင့်အရှောက်အထပ်ထပ် ချထားတာလည်းရှိတယ်။ ဂါထာမန္တာန်တွေနဲ့ ရွတ်ဖတ်နေတာလည်း ရှိတယ်။ ဒါပေမယ့် သေဖို့ အချိန်စေ့ ရင်တော့ ဘာနဲ့မှ တားလို့မရပါဘူး။ ဒါကြောင့် ပညာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ မသေအောင်ကာ ကွယ်တာထက် သေရင် ကောင်းတဲ့ဘ၀ရောက်ဖို့ပဲ ပြင်ဆင်ကြပါတယ်။ သေဖို့ပြင်ဆင်သူတစ်ယောက်အကြောင်း ပြောချင်ပါတယ်။ လူတိုင်းသိကြပါတယ်။ သူကတော့ ယောမင်းကြီး ဦးဖိုးလှိုင်ပါ။
        ဦးဖိုးလှိုင်ဟာ ငယ်စဉ်မှာတော့ မကောင်းမှုအနည်းနဲ့ အများဆိုသလို ပြုလုပ်ကောင်းပြုလုပ်ခဲ့မှာပါ။ အုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ တရားစီရင်ထုံးများအရ အပြစ်ရှိသူကို အပြစ်အလျှောက် စီရင်ခဲ့တာလည်း ရှိပါတယ်။ ကုသိုလ်ကောင်းမှုများကိုလည်း ဘ၀နဲ့ထိုက်တန်သလောက် ပြုခဲ့ပါတယ်။ ဒီတော့ ကုသိုလ်၊ အကုသိုလ်တွေ များတော့ ဘာလုပ်ခဲ့တယ်ဆိုတာကိုပင် အမှတ်ရဖို့ ခဲရင်းပါတယ်။ သေခါနီးမှာ အသေးအဖွဲ့ ကုသိုလ်၊ ဒါမှမဟုတ် အကုသိုလ်လေးကပင် အာရုံနိမိတ်ထင်လာတတ်ပါတယ်။ အကုသိုလ်ထင်လာ ရင်တော့ အပါယ်ကျမှာ ကျိန်းသေပါပဲ။ ဒီသဘောကို သိနေတော့ ဦးဘိုးလှိုင်ဟာ သေဖို့ ပြင်ဆင်ရ ပါတော့တယ်။ ကျောင်းနေဖက် သူငယ်ချင်း ဦးတူကို အိမ်မှာ ခေါ်ထားပြီး ပြောပါတယ်။
        "မောင်တူရေ မင်းနဲ့ငါက ငယ်သူငယ်ချင်းတွေ။ ဒီတော့ ငယ်ငယ်တုန်းကလို ဘိုးလှိုင်လို့ပဲခေါ်။ မင်းကြီးတွေ ဘုရားကျွန်တော်တွေ မသုံးနဲ့။ ငါလည်း မင်းကို မောင်တူလို့ပဲခေါ်မယ်။ ကျောင်းသားစိတ်မျိုးနဲ့ စကားပြောပြီး ငါအနားမှာ တစ်လလောက် အတူနေပါကွာ။ မင်းမိသားစုအတွက် ငွေဒင်္ဂါး ၂၀၀ ပို့လိုက်မယ်။ ငါ့ကို ဘာစားမလဲ လာမမေးနဲ့။ မင်းကျွေးတာငါစားမယ်။ မင်းပြောတာ ငါနားထောင်မယ်။ ဒီအခန်းထဲကို ၀န်ကတော်ကအစ ဘယ်သူမှ မ၀င်စေနဲ့"
        ထိုသို့ပြောပြီး ဦးဘိုးလှိုင်နဲ့ ဦးတူဟာ ငယ်စဉ်ကလိုပဲ ဘုရားစာအတူဆိုတယ်။ ရယ်စရာတွေပြော တယ်။ အိပ်ခါနီး အတူတူဘုရားဝတ်တက်တယ်။ ညစဉ် ဦးတူကို မဟာသတိပဌာနသုတ် ရွတ်ခိုင်းပြီး သာဓုခေါ် အိပ်တယ်။ ဒီလိုနဲ့ တစ်လပြည့်တဲ့ညမှာတော့ ဦးတူကို ပြောတယ်။
       "မောင်တူရေ ဒီနေ့ စောစောအိပ်မယ်ကွာ၊ ငါ့ကို သတိပဌာန်တရားတော်နဲ့ ရွတ်ဆို သိပ်ပါ။ မနက် သုံးချက်တီးကျော်ရင် နှိုးပါ"။
       ဦးတူလည်း သူပြောတဲ့အတိုင်း လုပ်ပြီး သုံးချက်တီးကျော်တော့ နှိုးတဲ့အခါ နှိုးမရတော့ပါ။ လက်နဲ့ကိုင် ကြည့်တော့ ကိုယ်က တောင့်တင်းပြီး ၀ိညာဉ်ချုပ်သွားပါပြီ။ ချမ်းချမ်းသာသာနဲ့ သေသွားပါပြီ။
        ဒါဟာ ပညာရှိတွေရဲ့ သေဖို့ ပြင်ဆင်ပုံလေးပါပဲ။ လူတိုင်း ဦးဘိုးလှိုင်ကို အတုယူပြီး သေခါနီးအချိန်ကျ လာတဲ့အခါမှာ အသေကောင်းဖို့အတွက် ပြင်ဆင်သင့်ပါတယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ