ရန်ကုန်တွင် မြေအောက်၊ ကောင်းကင် မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်မည်

ပို့စ်တင်ချိန် - 2/06/2014 12:49:00 PM



နေပြည်တော်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်း ရန် မြေအောက်နှင့် ကောင်းကင် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၂၅ ခုနှစ်တွင် ဖောက်လုပ်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန်မြို့တွင်း အရှေ့အနောက် အရှည် ၂၀ ဒသမ ၈ ကီလိုမီတာ အရှည်ဖောက်လုပ်ရာတွင် မြေအောက်လမ်း ၁၀ ဒသမ ၅ ကီလိုမီတာ၊ ကောင်းကင်လမ်း ၁၁ ဒသမ ၃ ကီလိုမီတာ ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ရှင်းပြသည်။
“မြေအောက် ရထားလမ်း ဖောက်လုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ခုံးကျော်တံတားများ တည်ဆောက်၍ ဖြေရှင်း ထားသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုကို ရှင်းလင်းနိုင်ခြင်း မရှိသောကြောင့် မြေအောက်နှင့် ကောင်းကင် ရထားလမ်း ဖောက်လုပ်ခြင်းများကို လုပ်ဆောင်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ပြောကြားသည်။

ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရေးအတွက် မဟာရန်ကုန် မြို့ပြဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေ အေဂျင်စီ (JICA) တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း သဘောတူလက်မှတ် ရေးထိုးထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly