ယူရိုတစ်သန်းခွဲတန် ကျောက်စိမ်း ရုပ်ပွားတော်နှစ်ဆူ မြန်မာ့ပထမဆုံး ကျောက်စိမ်းစေတီတွင် ထည့်သွင်း ပူဇော်မည်

ပို့စ်တင်ချိန် - 2/09/2014 10:23:00 AM




မန္တလေး၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် ပထမဆုံးသော တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီတော်တွင် ယူရိုငွေ တစ်သန်းခွဲတန်သည့် ကျောက်စိမ်း ရုပ်ပွားတော် နှစ်ဆူကို နိုင်ငံတော် သမ္မတရုံး ခွင့်ပြုချက်ဖြင့် ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးက ထည့်သွင်း ပူဇော်မည် ဖြစ်ကြောင်း ယင်းစေတီကို တည်ထားသည့် လုပ်ငန်းများ ဦးစီးဆောင်ရွက်နေသည့် အေးအေးခိုင် ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်တွင် တည်ထား ကိုးကွယ်မည့် အဆိုပါ ကျောက်စိမ်းစေတီတွင် ပူဇော်မည့် ရုပ်ပွားတော်များမှာ ဉာဏ်တော် ၃၅ လက်မရှိ ဓမ္မစက္ကမုဒြာနှင့် ဉာဏ်တော် ၃၉ လက်မရှိ ဘူမိဖဿမုဒြာ နှစ်ဆူတို့ ဖြစ်ကြောင်း၊ ယင်းတို့ကို အဲဗားဝင်းနား ကုမ္ပဏီက လှူဒါန်းသည့် သဘာဝ ကျောက်စိမ်းတုံးကို ခွဲစိတ်ပြုပြင် ထုလုပ်ထားခြင်း ဖြစ်ပြီး စေတီတော်၏ တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ်တို့တွင် ထည့်သွင်း ပူဇော်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိ ကျောက်စိမ်းများဖြင့် တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီတော် တည်ဆောက်ရေး လုပ်ငန်းများသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယင်းတည်ဆောက်ရေး လုပ်ငန်းများကို လာမည့် မေလအတွင်း အဆုံးသတ်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းကျောက်စိမ်းသားများဖြင့် တည်ဆောက် ထားသည့် ကျောက်စိမ်းစေတီနှင့်အတူ စေတီ၏ ပရိဝုဏ်အတွင်းတွင် ကျောက်စိမ်းဓမ္မာရုံ၊ ရှင်ဥပ္ပဂုတ္တ ကန်တော်နှင့် ရှင်သီဝလီ ကျောင်းဆောင်၊ ငါးစာ ကျွေးကန်၊ နိဗ္ဗာန်ကုန်ဆိုင်၊ ဘုရားဖူးများ လာရောက် ဖူးမြော်ပါက အဆင်သင့် စားသောက်နိုင်သည့် ကော်ဖီဆိုင်၊ ကျောက်စိမ်း ဥယျာဉ်နှင့် ပန်းဥယျာဉ်တို့ကိုပါ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း ဝေရောစန ကျောက်စိမ်းစေတီတော် တည်ဆောက် လှူဒါန်းမည့် အေးအေးခိုင် ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။

“ကျောက်စိမ်းစေတီ စတည်ကတည်းက မြေတစ်ဧက တစ်ကွက်ကို သိန်း ၅၀ လောက် ရှိလာရာကနေ အခုစေတီ တည်ဆောက်ရေးက ပိုပီပြင်လာတော့ စေတီဝန်းကျင် မြေတစ်ဧက တစ်ကွက်ကို သိန်း ၁၅၀၀ အထိ ပေးဝယ်မှုတွေ ရှိနေတယ်” ဟု စေတီဝန်းကျင်ရှိ မြင်းမူးကျေးရွာသူ ဒေါ်တင်သိန်းက ဆိုသည်။

ဝေရောစန ကျောက်စိမ်းစေတီ၏ ထီးတော်ကို နိုင်ငံတော်က တင်ယူမည့် အစီအစဉ်ကို သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ပြီးခဲ့သည့် တစ်ပတ်အတွင်း လာရောက် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

“စေတီတည်ထား ကိုးကွယ်တာကို ဗုဒ္ဓဘာသာတစ်ဦးအနေနဲ့ ကြိုဆိုပါတယ်။ စေတီနဲ့ မလှမ်းမကမ်းမှာ ကျောက်မျက်ဈေး တည်ဆောက်နေတာကို ကျွန်တော်ကလည်း ကြိုဆိုပါတယ်” ဟု ကျောက်မျက် လုပ်ငန်းရှင် ဦးထူးထူးက ဆိုသည်။

ယင်းကျောက်မျက် လုပ်ငန်းရှင်တစ်ဦးက ဦးဆောင်ပြီး တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်းစေတီတော် တည်ဆောက်ရေး ကော်မတီကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်း ဆပ်ကော်မတီကို သာသနာရေး ဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါ စေတီတော်သည် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် မြင်းမူးကျေးရွာ အုပ်စုရှိ ဆင်ရွာကွင်းတွင် တည်ရှိပြီး ကျောက်စိမ်း စေတီတော်၏ ဝေရောစန ကျောက်စိမ်း စေတီဘွဲ့ကို ရွှေသုဝဏ် ဆရာတော်က ပေးအပ်ခဲ့ကြောင်း အေးအေးခိုင် ကုမ္ပဏီ တာဝန်ရှိသူထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly