နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ၆၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာ

ပို့စ်တင်ချိန် - 2/22/2014 09:23:00 AM


၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်

ချစ်ခင်လေးစားအပ်ပါသော ချင်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား။

ယနေ့ ဖေဖော်ဝါရီ ၂ဝ ရက်မှာ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ခွင့်ရသည့် အတွက် မိမိအနေနှင့် များစွာ ဂုဏ်ယူမိပါသည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၌ မိမိတို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု တည်ဆောက် နိုင်ခြင်းမှာ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်ခဲ့ပါသည်။ ထိုတိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် အရေးပါဆုံး ဖြစ်သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး လိုအပ်ချက် ဖြစ်သည့် တောင်တန်း ဒေသများနှင့် ပြည်မ အတူတကွ လွတ်လပ်ရေး ရယူကြမည် ဟူသော ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်များ၏ အခြေခံများအဖြစ် ပါဝင်သည့် အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့၌ အနယ်နယ် အရပ်ရပ်မှ ချင်းအမျိုးသားများ စုဝေးကြပြီး ချင်းဒေသ အတွင်း ခေတ် အဆက်ဆက်က ကျင့်သုံးခဲ့သည့် ကံကျွေးချ အုပ်ချုပ်သည့် စနစ်ကို ဖျက်သိမ်း၍ တလိုင်းဆွန်နယ်တွင် ကျင့်သုံးခဲ့ကြသည့် ပြည်သူလူထု အများစု၏ ဆန္ဒဖြင့် ရွေးချယ် တင်မြှောက် အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးရန် ဆုံးဖြတ်ချက် ချခဲ့ကြပြီး ခေတ်သစ် နိုင်ငံရေးသမိုင်း အတွက် အရေးပါသည့် နိုင်ငံရေး တက်လှမ်းမှု တစ်ခုကို စတင်နိုင်ခဲ့ပါသည်။ ထိုတက်လှမ်းနိုင်ခဲ့မှုကို ဂုဏ်ပြုသော အားဖြင့် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ချင်းရေးရာ ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုကဲ့သို့ ပြည်သူက ရွေးချယ် တင်မြှောက်သည့် ဒီမိုကရေစီ စနစ်ကို ကူးပြောင်း ကျင့်သုံးရန် ဆုံးဖြတ်သည့် နေ့တစ်နေ့ကို ယခုအခါတွင် ချင်းအမျိုးသားနေ့ အဖြစ် ကျင်းပ လာနိုင်ခဲ့ခြင်းသည် လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုများနှင့် သဟဇာတ ဖြစ်သည့် ကိစ္စရပ်တစ်ခု အဖြစ် တွေ့မြင်ရမည်လည်း ဖြစ်ပါသည်။

ချင်းပြည်နယ်သည် အရွယ်အစားအားဖြင့် သေးငယ်ပြီး ဝေးလံ ခေါင်ပါးသည့် ဒေသတွင် တည်ရှိသော်လည်း လူသား အရင်းအမြစ် မွေးထုတ်နိုင်သည့် စွမ်းရည် မြင့်မားခြင်းမှာ ထူးခြားသည့် စွမ်းရည်တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုအချက်ကို ထင်ရှားသည့် ချင်းအမျိုးသား နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် အကြီးတန်း ဝန်ထမ်းများ သာမက စွမ်းရည် ထက်မြက်သည့် တပ်မတော်သားများ မွေးထုတ်နိုင်ခြင်းများက သက်သေ ထူလျက် ရှိပါသည်။ ထင်ရှားသည့် သာဓကအနေဖြင့် တပ်မတော်ဆိုင်ရာ အမြင့်ဆုံး စွမ်းဆောင်ရည်ဘွဲ့ ဖြစ်သည့် အောင်ဆန်း သူရိယဘွဲ့ကို ရရှိသူ အနည်းငယ်သာ ရှိသည့်အနက် ချင်းအမျိုးသား အောင်ဆန်းသူရိယ ဗိုလ်ကြီး တိုက်ချွန်း ပါဝင်နေခြင်းကို တွေ့မြင်ရမည် ဖြစ်ပါသည်။

ခေတ်အဆက်ဆက်က ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော ချင်းပြည်နယ် ဖွံ့ဖြိုး တိုးတက်ရန် အတွက် ချင်း အမျိုးသားများ၏ အားသာချက် ဖြစ်သော စွမ်းဆောင်ရည် မြင့်မားသည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များ၏ အားနှင့် ယနေ့မိမိတို့ အစိုးရလက်ထက် ကြိုးပမ်း အကောင်အထည် ဖော်လျက်ရှိသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုသည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆိုသည့် ပွင့်လင်းလာသည့် နိုင်ငံရေး ဖြစ်စဉ်တို့ ပူးပေါင်းခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်ရေးကို အခိုင်အမာ တည်ဆောက် နိုင်မည်ဟု ယုံကြည်မိပါသည်။ ထို့ကြောင့် ပြည်တွင်းတွင် ရှိသော ချင်းအမျိုးသားများ သာမက ကမ္ဘာ့ နေရာအနှံ့တွင် ပြန့်ကျဲ ရောက်ရှိနေရသည့် ချင်းအမျိုးသားများ အားလုံး၏ အားများကို စုစည်း၍ ပြည်သူလူထု တစ်ရပ်လုံးနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်ပင် ဖြစ်ကြောင်းလည်း တိုက်တွန်းအပ်ပါသည်။

လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အကွဲအပြဲများကို အခြေခံသည့် ပဋိပက္ခများ၏ ရိုက်ခတ် ပြဋ္ဌာန်းမှုများကို ခါးသီးသည့် အတွေ့အကြုံများ အဖြစ် မိမိတို့ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ယနေ့ အချိန်အခါကာလသည် ထိုခါးသီးသည့် အတွေ့အကြုံများကို သင်ခန်းစာ ရယူခြင်း၊ ပဋိပက္ခများ ချုပ်ငြိမ်းရန် ကြိုးပမ်းခြင်းနှင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အတွင်း တိုင်းရင်းသား ပေါင်းစုံ အတူတကွ ယှဉ်တွဲ နေထိုင်ရေး တို့ကို လက်တွဲ ဖော်ဆောင်ရမည့် အချိန် ကာလပင် ဖြစ်ပါသည်။

ထို့ကြောင့် ပင်လုံ စာချုပ်ချုပ်စဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ခဲ့သည့် အခြေခံမူများ အသက်ဝင် ရှင်သန်မည့် ပြည်ထောင်စု တစ်ရပ်ကို ပင်လုံ စိတ်ဓာတ်ဟု ခေါ်ဆိုရမည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်ဖြင့် လက်တွဲ တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖော်ဆောင်လျက် ရှိသော နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ကြိုးပမ်း လုပ်ဆောင် နေမှုကို အောင်မြင်မှု ရရှိရန် မိမိတို့အားလုံး ပါဝင်ကြိုးပမ်းကြရန် ထပ်လောင်း တိုက်တွန်းအပ်ပါသည်။

ဤကဲ့သို့ မိမိတို့ တိုင်းရင်းသား ပြည်သူလူထု အားလုံး ပင်လုံ စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်မည် ဆိုပါက ခေတ်မီ သာယာ ဖွံ့ဖြိုးသော ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အဖြစ် တွေ့မြင်ရမည် ဖြစ်ပါသည်။ ဤသည်ပင်လျှင် မိမိတို့ အားလုံး ထားရှိရမည့် အနာဂတ် ရည်မှန်းချက် ဖြစ်သည်ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။ ။


MOI Webportal Myanmar