ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သော လင်မယားနှစ်ဦး ဖမ်းမိ

ပို့စ်တင်ချိန် - 2/21/2014 11:38:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးကို အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဟု လိမ်လည် ပြောဆိုကာ အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရသော လင်မယားနှစ်ဦးကို ဖမ်းမိထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းနှင့် ရင်းနှီးသော မသဲသဲ ဆိုသူက အထည်ချုပ် စက်ရုံတွင် လစာကောင်းဖြင့် အလုပ်ရမည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊ ၅၂ လမ်းအောက် ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ငါးလွှာတိုက်ခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းသို့ စေခိုင်းခံရစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၎င်းကို စတင်ခေါ် ဆောင်သူ မသဲသဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင်နေသူ ၎င်း၏ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ခေါ်ဆောင်လာခဲ့သော်လည်း ယင်းညီမဝမ်းကွဲမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အရေးပေါ် လှေကားထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
“တိုက်ခန်းထဲမှာ တံခါးပိတ်ပြီးထားတဲ့ အမျိုးသမီး ၁၀ ဦးလောက် ရှိတယ်။ သူတို့ကိုလည်း စစ်ဆေးနေပါတယ်။ ကားနဲ့ ဖုန်းဆက်တဲ့ နေရာတွေကို လိုက်ပို့ပြီး ပြည့်တန်ဆာ လုပ်ကိုင်နေတယ်လို့ ကနဦး စစ်ဆေးချက်တွေအရ သိရတယ်” ဟု ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဇန်နဝါရီလ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ရက်ကြာ ပျောက်ဆုံးခဲ့သော အမျိုးသမီးငယ်မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရပြီး နေအိမ်သို့ ပြန်လာစဉ် ၎င်း၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို တိုက်ခန်းအတွင်း ချုပ်နှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သူ ခြောက်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ငါးလွှာ တိုက်ခန်းအတွင်း အမျိုးသမီးများကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသည်ဟု တိုင်ကြားခံရသော အသက် ၄၄ နှစ်အရွယ် ဦးကျော်စိုးဝင်းနှင့် ဇနီးဖြစ်သူ အန်တီကြူ (ခ) မေသင်းကြူ (ခ) ဒေါ်ကြူတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး ကျန်လေးဦးကို စုံစမ်းရှာဖွေလျက် ရှိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly