စာရေးဆရာဘ၀ကို တောင့်တတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ပို့စ်တင်ချိန် - 2/13/2014 05:59:00 PM


(Written by: မင်းမြတ်စိုး (မလှိုင်))

“လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ်နိုင်ငံရေး လုပ်ရဦးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျပ်ကမပါချင်ဘူး။ ဘေးဖယ်နေမယ်၊ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်”

အထက်ပါစကားကို ၁၉၄၇ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်၏ အမျိုးသားရေး၊ လွတ်လပ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံကြီးပွား တိုးတက်ရေးအတွက် မိန့်ခွန်းများ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများစာအုပ်တွင် မိန့်ခွန်းပေါင်း ၆ဝ တိတိ ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းများတွင် မြန်မာလိုပြောမိန့်ခွန်း ၅၁ ခု၊ အင်္ဂလိပ်လိုပြောမိန့်ခွန်း ကိုးခုတိတိဖြစ်ကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာ၊ နယူးဘားမား သတင်းစာတွင် တွဲဖက်အယ်ဒီတာ လုပ်ဆောင်ခဲ့ပြီး စာပေဆောင်းပါးများ ရေးသားခဲ့ကြောင်း ဖတ်သိမိသည်။ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့သော စာပေဆောင်းပါးများ စုစုပေါင်း ၁၆ ပုဒ်ရှိကြောင်း တွေ့ရသည်။ မြန်မာဘာသာဖြင့် ရှစ်ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် သုံးပုဒ်၊ ဥယျောဇဉ် သုံးပုဒ်၊ သဝဏ်လွှာ တစ်ပုဒ်၊ မိတ်ဆက်စာ တစ်ပုဒ် ရေးသားသွားခဲ့သည်။ စာပေအမျိုးအစား အနေနှင့်ကြည့်လျှင် အတ္ထုပ္ပတ္တိစာပေ၊ နိုင်ငံရေး၊ သမိုင်းစာပေ၊ ဘာသာရေး၊ လူမှုရေး၊ စစ်မက်ရေးရာ၊ စာပေသဘောထားများ ရေးသွားနိုင်ခဲ့သည်။ ကလောင်အမည်ကိုလည်း ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း အမည်များနှင့် ရေးသားသွားခဲ့သည်။

ပထမဆုံးရေးသားသည့် ဆောင်းပါးမှာ တက္ကသိုလ်ကျောင်းသားဘဝက ရေးသားခဲ့သည်။ "Burma and Buddhism" ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါးကို ၁၉၃၅ ခုနှစ်ထုတ် ဂန္ထလောကမဂ္ဂဇင်းတွင် အင်္ဂလိပ်လို ရေးသားခဲ့သည်။ ထိုဆောင်းပါးရေးစဉ်က မြန်မာ့နိုင်ငံရေး အခြေအနေသည် ခေတ်ပြောင်းကာလတစ်ခုဖြစ်သည်။ ထိုခေတ်လူငယ်များသည် အပြုသဘောနှင့် ခေတ်ကိုထူထောင်ရန် အားသန်ကြသည်။ လူငယ်အချို့က ခေတ်နှင့်မညီသော ရှေးဓလေ့ထုံးစံ အယူဝါဒများကို ပြုပြင်ပြောင်းလဲလိုကြသည်။ အချို့လူငယ်များက ရှေးရိုးအတိုင်း လက်ခံကျင့်သုံးလိုကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက အစွန်းရောက်လူငယ်များကို ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်တွင် အဖြေရှိသည်ဟု တင်ပြသည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်းရှိသည်။ ထိုနည်းမှာ ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဟောကြားချက်များဖြစ်သည်။ ထိုဟောကြားချက်များမှ အကျိုးရှိသည့် အယူဝါဒ ဝိဘဇ္ဇဝါဒကို လက်ခံပြီး နိုင်ငံ၏လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေး လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ကြောင်း ရေးသားသွားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေဆောင်းပါးနှစ်ပုဒ်မှာ ၁၉၃၅ ခုနှစ် မေလနှင့် ဇူလိုင်လထုတ် ဂန္ထလောကမဂ္ဂဇင်းပါ "Freedom of dress in schools" အင်္ဂလိပ်လိုရေး ဆောင်းပါးများဖြစ်သည်။ ထိုဆောင်းပါးနှစ်ပုဒ် ရေးသားခဲ့ရခြင်းမှာ ဂန္ထလောကမဂ္ဂဇင်းပါ ဦးသန့်၏ "From my school window" ဆောင်းပါးကို ချေပရေးသားခြင်းဖြစ်သည်။ ဦးသန့်က ကျောင်းသူကျောင်းသားများ ကျောင်းဝတ်စုံကို လွတ်လပ်စွာ ဝတ်စားသင့်ကြောင်း ရေးသားထားသည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ ရောက်ရှိနေသဖြင့် ကျောင်းသားလူငယ်များ စည်းလုံးညီညွတ်ရေး၊ ကျောင်းစည်းကမ်း ရိုသေလိုက်နာတတ်သည့်စိတ်များ သွင်းပေးရန်လိုသည်။ တူညီဝတ်စုံဝတ်သဖြင့် စည်းလုံးမှုနှင့် ချစ်ခင်ရင်းနှီးမှုစိတ်ဓာတ် တိုးပွားစေသည်။ ပြည်တွင်းဖြစ်ဝတ်စုံကို ဝတ်သဖြင့် ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းကို အားပေးရာရောက်သည်။ ဆင်းရဲသားမိဘများ ကျောင်းသားအတွက် စရိတ်စက သက်သာစေသည်။ လွတ်လပ်စွာဝတ်ဆင်မှုက ဂုဏ်တုဂုဏ်ပြိုင်စိတ်၊ စိတ်ဝမ်းကွဲပြားမှု အားပေးရာရောက်သည်။ ထို့ကြောင့် တူညီဝတ်စုံဝတ်ခြင်းကို အားပေးသင့်ကြောင်း ဆွေးနွေးတင်ပြထားသည်။

နောက်စာပေဆောင်းပါး နှစ်ပုဒ်မှာ ၁၉၃၅ ခုနှစ် ဇွန်လနှင့် ဩဂုတ်လထုတ် သူရိယမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ လယ်ဝေးဦးဘရီက သူရိယမဂ္ဂဇင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဦးမင်းရောင်သည် စစ်ကဲဦးပုလေးက ဖမ်းဆီး၍ ကားစင်တင်သတ်ရှိကြောင်း ဆောင်းပါးကို ပြန်လည်ရှင်းလင်း ရေးသားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက မျိုးရိုးစဉ်ဆက် ဆွေမျိုးများအကြောင်းကို ဖော်ပြပြီး အဘိုးဦးမင်းရောင်အား အင်္ဂလိပ်စစ် ဘာရီတပ်သားများက ဖမ်းဆီးခေါင်းဖြတ်သတ်သည်မှာ မှန်ကန်ကြောင်း ရေးသားချက်များဖြစ်သည်။

“ကျောင်းသားဝတ္တရား” ဆောင်းပါးကို ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်) တွင် မောင်အောင်ဆန်း ဘီအေအမည်နှင့် ရေးသားခဲ့သည်။ ကျောင်းသားများတွင် ကျောင်းသားဝတ္တရားများရှိသည်။ ထိုဆိုင်ရာ ဝတ္တရားများကို ကျေပွန်မှ လူဖြစ်ရကျိုးနပ်မည်။ ကျောင်းသားသည် စာမေးပွဲအောင်ရုံနှင့် တာဝန်ကျေပွန်မှုမရှိ၊ လောကရေး၊ ဓမ္မရေးပြဿနာ အရပ်ရပ်ကို စိစစ်ဝေဖန် ဖြေရှင်းတတ်သည့် ပညာရရန် ဆည်းပူးရမည်။ ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးသည် လောကအကြောင်းအမျိုးမျိုး ရေးသားထားသည်။ ထိုစာမှ စာရေးသူအာဘော်၊ ရေးရာဒေသ၊ ရေးသည့်အချိန်ကာလကိုကြည့်၍ ဝေဖန်ပြီး လောကအလုပ်ဝတ္တရားများတွင် သုံးစွဲတတ်မှ စာတတ်အမှန်ဖြစ်သည်။ ပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ် မွေးမြူရမည်။ ပညာရေးကျွမ်းကျင်သူများက (Academic Freedom) ပညာသင်ကြားရေး လွတ်လပ်မှု ခေါ်ဆိုသည်။ ကမ္ဘာ့ရာဇဝင် ပြောင်းလဲစေသည့် ရီနေဆန်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒလောက ဓာတ်ပညာပြန့်ပွားရာ အကြောင်းရင်းဖြစ်သည်။ ဗုဒ္ဓဘုရားရှင်၏ ကာလာမသုတ္တန် သဘောတရားကို လေ့လာရန်ရေးသည်။ အဓိကရေးသည်မှာ ကျောင်းသားများသည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲများတွင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်ရေးသားထားသည်။

“နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးကို ၁၉၄ဝ ပြည့်နှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်းတွင် သခင်အောင်ဆန်းအမည်နှင့် ရေးသားခဲ့သည်။ မြန်မာပြည်၏ နိုင်ငံရေး ရာဇဝင်ကိုကြည့်လျှင် နိုင်ငံရေးဆိုသည်ကို မတွေ့ရှိရ။ နိုင်ငံရေးကို လောကဓာတ် အကြောင်းအရ မြင်မှထင်မှ ဟုတ်သည်ထင်သည်။ လောကဓာတ်ကား အကြောင်းအကျိုးတည်းဟူသော တရားနှစ်ပါးမှပေါ်၏။ အကျိုးရှိလျှင် အကြောင်းရှိရမည်။ အကြောင်းရှိလျှင် အကျိုးပေါ်ရမည်။ ဤသည်တို့ကား လောကဓာတ်၏ အခြေခံတရားများဖြစ်သည်။ ထိုတရားများသည် ဗုဒ္ဓဘုရားရှင်၏ အခြေခံတရားများဖြစ်သည်။ ထိုတရားများသည် ဗုဒ္ဓဘုရားရှင်၏ အခြေခံတရားများဖြစ်သည်။ စူးစမ်းဆင်ခြင်တတ်သည့်ဉာဏ်၊ ထွင်းဖောက်နိုင်သည့်ဉာဏ်၊ ထက်မြက်သောဉာဏ်၊ နက်နဲသောဉာဏ်တို့သည် ကမ္ဘာကြီး၏ အလုံးစုံကို အနုလုံ၊ ပဋိလုံဆင်ခြင်သည့် အခါအကြောင်း အကျိုးအရင်းခံ တရားနှစ်ပါး ထွက်ရှိလာသည်။

နိုင်ငံရေးသည် လူမှုသူမှုကိစ္စ အားလုံးဖြစ်သည်။ လူသည်လူလိုလုပ်ရန် ကြိုးစားအထမြောက်သည်။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုတွင် လူသည်ထွင်းတတ်သည်။ အစွမ်းမြှင့်တတ်သည်။ အရည်အချင်းမြင့်သည်။ ထိုအရည်အစွမ်းမှာ အသိဉာဏ်ပင်ဖြစ်သည်။ လူ၏အသိဉာဏ်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုရှုပ်ထွေးလာသောအခါ နိုင်ငံရေးတည်းဟူသော လူပင်မတရား ပေါ်ပေါက်လာခဲ့သည်။ လူမှုပြဿနာများကို လူချင်းညှိနှိုင်းမရ၊ စည်းမဲ့ကမ်းမဲ့ ဖြစ်လာသောအခါ အစိုးရတစ်ရပ် ဖြစ်လာရသည်။ လူတွေတရားမစောင့်၍ အစိုးရဖြစ်ပေါ်လာသည်။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရရှိတော့မည် မဟုတ်ဟုရေးသည်။ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုကြောင့် လူတန်းစားများ ပေါ်ပေါက်လာခဲ့သည်။ ထိုလောဘကြောင့် နယ်ချဲ့စနစ် ပေါ်ပေါက်လာပုံကို ရေးသည်။

“ကမ္ဘာစစ်နှင့်ဗမာ” ဆောင်းပါးကို နဂါးနီစာစောင်တွင် သခင်အောင်ဆန်းအမည်နှင့် ရေးခဲ့သည်။ နယ်ချဲ့စနစ်ကြောင့် စစ်ဖြစ်ရကြောင်းကိုရေးသည်။ မြန်မာ့လွတ်လပ်ရေးအတွက် အဓိကလက်နက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူတန်းစားအားလုံး စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်ဟု ရေးသည်။ “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ” ဆောင်းပါးကို ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ အထူးထုတ် ဗမာ့ခေတ်သတင်းစာတွင် ရေးသည်။ ဆောင်းပါးတွင် တို့ဗမာအစည်းအရုံးဝင် သခင်ဖြစ်လာပြီး ဂျပန်ခေတ်အထိ လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းများကို ရေးသည်။ ထူးခြားသည့် အကြောင်းအရာမှာ တက္ကသိုလ်များ အုပ်ချုပ်ရေး အစည်းအဝေးပြုလုပ်စဉ် သခင်အောင်ဆန်းနှင့် ပညာမင်းကြီး အေကင်းဘဲလ်တို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးအပြီးတွင် ကင်းဘဲလ်က သခင်အောင်ဆန်းကို သူ့ကားနှင့် တင်ခေါ်ခဲ့သည်။ ကင်းဘဲလ်က “ယခုဖြစ်နေသည့် စစ်ပွဲတွင် အင်္ဂလိပ်တို့အား အကူအညီပေးရန်” တုန်ယင်သောအသံဖြင့် အကူအညီတောင်းသည်။ ဗိုလ်ချုပ်အောင်ဆန်းက “အင်္ဂလိပ်ဓနရှင်စနစ်ကို ပြိုပျက်ရန်သာ ကျွန်ုပ်လုပ်ရမည်” ဖြစ်ကြောင်း ပြန်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး သံမဏိစိတ်ဓာတ်ကို တွေ့ရှိခဲ့ရသည်။

“ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ကိုယ်တိုင်ရေးဆောင်းပါးတွင် ဗိုလ်ချုပ်၏ဇာတိ၊ မျိုးရိုးအစဉ်အဆက်၊ ကျောင်းသားဘဝ၊ သူ၏ဓလေ့စရိုက်၊ အယူအဆ၊ အယူဝါဒတွေးခေါ် မြော်မြင်ပုံများကို ရေးသားခဲ့သည်။ ဦးဘသောင်းတည်းဖြတ်သော “သေနင်္ဂဗျူဟာ စစ်သမိုင်းနှင့် ဗျူဟစက္ကိပျို့” စာအုပ်တွင် ဥယျောဇဉ်စာ ရေးသားပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ပညာနှင့်ပတ်သက်၍ လေ့လာအားကောင်းမှုကို တွေ့ရသည်။ မြန်မာတို့၏စစ်ဗျူဟာ၊ ခေါမ၊ ရောမ၊ ဥရောပနိုင်ငံများ၏ စစ်ဗျူဟာ၊ တရုတ်စစ်သူကြီး ဆွန်ဇူး၏ သေနင်္ဂစစ်ဗျူဟာကျမ်းကို စာတွေ့လက်တွေ့ နှိုင်းယှဉ်ရေးသားမှုကို တွေ့ရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်ရှိထင်ရှားရှိနေပါက အသက် ၉၉ နှစ်ထဲ ရောက်ရှိနေပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကား အမျိုးသားရေး၊ နိုင်ငံလွတ်လပ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတိုးတက်ကြီးပွားရေး အလိုရှိသော နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့သည်။ သူ့လိုလူကား ယနေ့အထိ အစားထိုး မရသေးပါတကား။

စာကိုး - မြဟန်၏ဗိုလ်ချုပ်အောင်ဆန်းစာပေ လက်ရာ (၁၉၉၈)
Eleven Media Group