ဆက်သွယ်ရေး အော်ပရေတာများ စည်းကမ်းချိုးဖောက်လျှင် အဆင့်သုံးဆင့်ဖြင့် အရေးယူမည်

ပို့စ်တင်ချိန် - 2/19/2014 05:35:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

လိုင်စင်ချထားပေးပြီး ဖြစ်သဖြင့် မကြာမီ ယှဉ်ပြိုင်မှုများ စတင်တော့မည့် ပြည်တွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဈေးကွက်တွင် လုပ်ကိုင်ခွင့်ရ အော်ပရေတာများ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်လျှင် အဆင့်သုံးဆင့်ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပေးထားတဲ့ ကတိတွေအတိုင်း မလုပ်နိုင်ရင် ကျွန်တော်တို့မှာ အရေးယူနိုင်တဲ့ နည်းလမ်းသုံးခုရှိတယ်။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ နည်းဥပဒေမှာလည်း အသေးစိတ် ပါဝင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်သွယ်ရေးဥပဒေနှင့် လိုင်စင် ထုတ်ပေးစဉ်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် အော်ပရေတာများကို ပထမအဆင့် အနေနှင့် သတိပေးသွားမည် ဖြစ်ပြီး ဒုတိယ အဆင့်တွင် ဒဏ်ရိုက်ခြင်းနှင့် နောက်ဆုံးအဆင့် ဆက်သွယ်ရေးလိုင်စင် ရုပ်သိမ်းခြင်းအထိ ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ၎င်းကဆိုသည်။

ဝန်ဆောင်မှု ညံ့ဖျင်းခြင်း အပါအဝင် စည်းကမ်း မလိုက်နာသည့် ဆက်သွယ်ရေး အော်ပရေတာများကို ပေးဆောင်ရမည့် ဒဏ်ကြေးနှင့် ပြစ်ဒဏ်အသေးစိတ်ကို မကြာမီထွက်ရှိမည့် ဆက်သွယ်ရေး နည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရှိရသည်။
“သူတို့ဒီမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက နည်းတာမှ မဟုတ်တာ။ ဒီတော့ အော်ပရေတာတွေက လိုင်စင်သိမ်းတဲ့ အထိတော့ လုပ်မယ်မထင်ပါဘူး” ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေမြင့်က ဆိုသည်။

နိုင်ငံတကာတွင်လည်း သီးခြား လွတ်လပ်သော ဆက်သွယ်ရေး ညွှန်ကြားမှု အဖွဲ့အစည်းများက သက်ဆိုင်ရာ အော်ပရေတာများ၏ ဝန်ဆောင်မှု ညံ့ဖျင်းပါက ဒဏ်ကြေး မြင့်မြင့်မားမား ချမှတ်၍ ပြင်းထန်စွာ အရေးယူလေ့ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly