ပြင်ရေး၊ ဖြုတ်ရေးနှင့် သင်ရိုးညွှန်းတမ်း

ပို့စ်တင်ချိန် - 2/12/2014 09:24:00 PM




(လဲ့ရည်မြင့်)

အခြေခံပညာ သင်ရိုးညွှန်းတမ်း များသည် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်သော ပမာဏထက် ပိုများနေခြင်းကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် ၄၀ ရာခိုင်နှုန်းကျော် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က တရားဝင် ပြောကြားလိုက်သည်။
စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးချိန် ပိုမိုရရှိပြီး နိုင်ငံတကာ အရည်အသွေးမီ သင်ခန်းစာများအဖြစ် ပြောင်းလဲရန် အခြေခံပညာ အဆင့်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုတွင် လွဲမှားနေသော ပုံနှိပ်စာများကိုသာ ပြင်ဆင်ခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ သင်ရိုးညွှန်းတမ်းများကို ပထမဆုံးအကြိမ် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်တွင် ၂၀ ရာခိုင်နှုန်း၊ အလယ်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်း ပြောင်းလဲထားကြောင်း ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ နှစ်ပေါင်း နှစ်ဆယ်ကျော် နောက်ကျကျန်နေသော သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးကို ပညာရေး အသိုင်းအဝိုင်းက လိုလားစွာ လက်ခံသော်လည်း စနစ်တကျ သုတေသန ပြုလုပ်ပြီးမှသာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရန် ၎င်းတို့က ဝေဖန်အကြံပြုသည်။

သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ အဆင့်မြှင့်တင်ရေးအတွက် ၂၀၀၆ ခုနှစ်တွင် ဘာသာရပ်အလိုက် မွမ်းမံဆွေးနွေးပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ်၌ စတင်သင်ကြားခဲ့ကာ ယခု ၂၀၀၄-၂၀၁၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

အဆိုပါသင်ရိုး ပြင်ဆင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော ဘက်စုံလွှမ်းခြုံသည့် ပညာရေး လေ့လာ သုံးသပ်ရေးလုပ်ငန်း (CESR) က အကြံပြုထားခြင်း ဖြစ်ပြီး CESR က အခြေခံပညာ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရေးအတွက် သင်ရိုးညွှန်းတမ်း အခြေခံမူဘောင် ရေးဆွဲရန် ဦးစွာ တိုက်တွန်းခဲ့သည်။

“သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ဖို့ မူဘောင် ရှိမှရမယ်။ အခုမူကြမ်းတော့ပြီး သွားပါပြီ” ဟု ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ရေးဆွဲရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကြောင့် လက်ရှိအချိန်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချခြင်း၊ စာအုပ်ဒီဇိုင်းနှင့် စက္ကူသားများ ပြောင်းလဲခြင်းတို့သာ ပြုလုပ်နေကြောင်း ၎င်းကပြောကြားသည်။

တစ်ဖက်တွင်လည်း သင်ရိုးညွှန်းတမ်း များနေခြင်းကြောင့် လျှော့ချပေးခြင်းမှာ အဖြေတစ်ခု မဟုတ်ကြောင်း ပုဂ္ဂလိကပညာရေး အသိုင်းအဝိုင်းအချို့က ဝေဖန်ကြသည်။ အစိုးရ ပြဋ္ဌာန်းဖတ်စာအုပ်နှင့် သင်ရိုးမာတိကာသည် ပုဂ္ဂလိက ကျောင်းများထက် နည်းပါးနေသော်လည်း အလွတ်ကျက်စနစ်နှင့် သင်ကြားနေသောကြောင့် သင်ရိုးညွှန်းတမ်း များပြားနေသယောင် ဖြစ်နေကြောင်း နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာအဆင့်သည် အိမ်နီးချင်းနိုင်ငံထက် စာသင်နှစ် နည်းပါးနေပြီး တွဲဖက် သင်ရိုးညွှန်းတမ်း သင်ကြားမှုလည်း အားနည်းကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

ဝေးလံသော ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် ဆရာနှင့် ကျောင်းသား အချိုးမမျှတမှုသည် စဉ်းစားတွေးခေါ်မှု အားမပေးသော သင်ကြားနည်း စနစ်များကို အားပေးနေဆဲ ဖြစ်ပြီး သင်ရိုးညွှန်းတမ်း ပြောင်းလဲသော်လည်း သင်ကြားနည်းနှင့် အခြားပံ့ပိုးမှုပိုင်း မရှိလျှင် ပညာရေးစနစ် တိုးတက်မှု မရှိကြောင်း အခြေခံပညာဆရာ၊ ဆရာမအချို့က ပြောကြားသည်။

ယင်းအပြင် အရည်အသွေးစိစစ် အကဲဖြတ်သည့် စာမေးပွဲစနစ်ကိုလည်း အမြန်ဆုံး ပြင်ဆင်ကြရန် ပြည်တွင်း ပညာရေး သုတေသန ပညာရှင်များက ဆိုသည်။

မည်သို့ပင်ဆိုစေ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရန် အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သော သင်ရိုးညွှန်းတမ်း မူဝါဒကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) နှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က တစ်ပြိုင်နက်တည်း ရေးဆွဲနေကြသည်။

သို့သော် အများပြည်သူများ တောင်းဆိုနေကြသော ဒေသတွင်းအဆင့်မီ သင်ရိုးညွှန်းတမ်းကို အခြေခံပညာ သင်ရိုးညွှန်းတမ်း မူဝါဒ အတည်ပြုပြီးလျှင် ထွက်ရှိနိုင်ခြင်းရှိ၊ မရှိ ဆက်လက် စောင့်ဆိုင်းရဦးမည်။

“ခေတ်မမီတဲ့ သင်ခန်းစာတွေ အကုန်ပြောင်းစေချင်တယ်” ဟု လုပ်သက် ဆယ်နှစ်ကျော်ရှိ နိုင်ငံတကာပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဆိုသည်။
The Voice Weekly