ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ရေမြောင်းအတွင်းမှ ရှေးဟောင်းဘုရား ရုပ်ပွားတော်များ တူးဖော်ရရှိ

ပို့စ်တင်ချိန် - 2/24/2014 08:41:00 AM





ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၇)ရပ်ကွက် စွမ်းအင်လမ်းတွင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
မြို့နယ်ရုံးဝင်း ဝန်ထမ်းလိုင်းခန်း အနီးရှိ ရေနုတ်မြောင်း ကို ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်နေစဉ် ရေမြောင်းအတွင်း မှ ရှေးဟောင်း ရုပ်ပွားတော် ခုနစ်ဆူ ရရှိခဲ့ ပြီး ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁ဝ နာရီခန့်တွင် ရုပ်ပွားတော်တစ်ဆူ၊ ရှေးဟောင်း အုတ်ချပ်တစ်ချပ် ထပ်မံ ရရှိကာ စုစုပေါင်း ရုပ်ပွားတော်ရှစ်ဆူ တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ရုပ်ပွားတော်များသည် ဆုတောင်းပြည့်အင်းလေး ရုပ်ပွားတော်ပုံတော်များနှင့် သဏ္ဌာန်တူပြီး ကြည်ညိုဖွယ်ရာ သပ္ပာယ်လှသဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးထွန်းလွင်၊ မဲဆန္ဒနယ် အမှတ်(၂) ဦးဇော်လင်းတို့က ဦးဆောင်စီမံ၍အမှတ် (၃၇) ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ ရန်ကုန်မြို့ လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ ဝန်ထမ်းများဖြင့် ရပ်ကွက်အတွင်း လှည့်လည်အပူဇော်ခံခြင်း၊ ထို့နောက် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အား ပင့်ဖိတ်၍ ဘုရားအနေကဇာ တင်ခြင်းပြုလုပ်ခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ကြီးချမ်းသာ မဟာစေတီတော် အရှေ့ဘက်မုခ်ဦး အာရုဏ်ခံတန်ဆောင်းတွင် အများပြည်သူများ လာရောက် ဖူးမြော် ကြည်ညိုနိုင်ရန် အပူဇော်ခံ ထားရှိကြောင်း သိရသည်။

မြ၀တီ