ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ လူနေအိမ်သုံးလုံးမီးလောင်းခဲ့ရာ လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 2/09/2014 04:55:00 PM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ချောင်ဦး၊ ဖေဖော်ဝါရီ ၉
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မကျည်းခွကျေးရွာအုပ်စု၊ မင်းခေါင်ကျေးရွာတွင် ယခုလ ၉ ရက်နေ့ မနက် ၄ နာရီ ၅၅ မိနစ်အချိန်က လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ထံ မှသိရသည်။
သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနမှ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ရာတွင် ဦးစိန်သောင်း ဆိုသူ၏ နေအိမ်မှ ထမင်းချက်ရန် မီးမွေးထားစဉ် မီးဖိုမီးမှတဆင့် အနီးရှိ အကာနံရံများကို ကူးဆက်၍ မီးလောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အရပ်သို့ ချောင်းဦးသန္ဒေမီသတ်ယာဉ် ၂ စီး၊ သန္ဒေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရံမီးသတ် (၅၀)ဦး၊ ပြည်သူလူထု အင်အား ၂၀၀ ကျော်မှ ၀ိုင်းဝန်ငြိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်ကျွမ်းချိန် မိနစ်ပိုင်းခန့်ဖြစ်သော်လည်း ၎င်း မီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်သုံးလုံး၊ နွားစာစင်စက် တစ်လုံး၊မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုမျှမက မီးစတင်လောင်ကျွမ်းခဲ့သည့် ဦးစိန်သောင်း၊ ဒေါ်မြင့်နေအိမ်မှ အိမ်ရှင် ဦးစိန် သောင်း၏ ခယ်မတော်စပ်သူ မလွင်(ခ) မယ်ပုံကြီး အသက်(၃၈)ဆိုသူသည် မီးလောင်ကျွမ်း ပြီးသေဆုံးခဲ့ရသည်။ ထို့ကြောင့် မီးလောင်ဆုံးရှုံးမှုတန် ဘိုးအား သက်ဆိုင်ရာမှ နှစ်သိန်းကျပ်ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန် ထားသည်ဟု သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား ချောင်းဦးမြို့မရဲစခန်းက(ပ)၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅/ ၃၀၄(က)အရ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။