သန်လျင်ရှိ ကွမ်းခြံကုန်း ကျေးရွာကို နှစ်ပတ်အတွင်း ဖျက်သိမ်းရန် အမိန့်ထုတ်

ပို့စ်တင်ချိန် - 2/11/2014 07:05:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အုပ်စုရှိ ကွမ်းခြံကုန်း ကျေးရွာကို ဖျက်သိမ်းပေးရန်နှင့် ယင်းကျေးရွာရှိ နေအိမ် ၁၄၀၀ ကျော်ကို နှစ်ပတ်အတွင်း ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ နှစ်ပတ်အတွင်း ကျေးရွာတစ်ရွာလုံး ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ အချို့က ဆိုသည်။

အဆိုပါ ကျေးရွာတွင် ၁၉၉၄ ခုနှစ်က ဇာမနီဆည် စီမံကိန်း ဆောင်ရွက်မည်ဟု ဆိုကာ မြေကွက်များ အစားထိုး ပြန်ပေးကာ ယင်းကျေးရွာကို ဖယ်ရှားခဲ့ပြီး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ကျေးရွာတွင် လူဦးရေ လေးထောင်နီးပါး နေထိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒီရွာမှာ နေလာတာ ၁၉၆၄ ခုနှစ်ကတည်းကပဲ။ အခုထိတော့ ဘယ်သူမှ မဖျက်ကြဘူး။ တခြား သွားနေစရာလည်း ဘယ်မှ မရှိဘူး။ နေအိမ်တွေကို ဖျက်ဖို့ သူတို့ လူအင်အား စုနေတယ်လို့တော့ ကြားတယ်” ဟု ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ ဒေါ်သန်းစိန်က ပြောကြားသည်။

နေအိမ်များ ဖျက်သိမ်းပေးရန် အကြောင်းကြားစာတွင် အဆိုပါ ကျေးရွာ မြေများသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနပိုင် မြေဖြစ်ကြောင်း ဖော်ပြထားပြီး မဖယ်ရှားပါက တည်ဆဲ တာတမံ အက်ဥပဒေ ပုဒ်မ ၉ နှင့် ၉ (က) များဖြင့် အရေးယူမည်ဟု ကြေညာထားကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ် မေးမြန်းရာ အုပ်ချုပ်ရေးမှူးမှာ အစည်းအဝေး တက်ရောက်နေကြောင်း၊ ၎င်းတို့အနေနှင့် ယင်းကိစ္စကို မသိရှိရကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဖြေကြားမည့်သူ မရှိပေ။

၁၉၉၄ ခုနှစ် တပ်မတော်အစိုးရ လက်ထက်က အဆိုပါ ကျေးရွာ မြေနေရာတွင် ဇာမနီဆည် စီမံကိန်း ဆောင်ရွက်မည်ဟုဆိုကာ ယင်းကျေးရွာကို ဖယ်ရှားခိုင်းခဲ့ပြီး တစ်အိမ်ထောင်လျှင် ပေ ၄၀၊ ပေ ၆၀ မြေကွက်များ ပြန်လည် အစားချပေးခဲ့သော်လည်း မြေကွက် အစားထိုး ပြန်လည် မရရှိခဲ့သည့် မိသားစု ၄၀ ဝန်းကျင်မှာ အဆိုပါ မြေနေရာများတွင် ဆက်လက် နေထိုင်ခဲ့ကြကြောင်း၊ ဆည်စီမံကိန်းမှာလည်း မအောင်မြင် ဖြစ်ခဲ့သဖြင့် နေအိမ်များ ပြန်လည် တိုးပွားလာခဲ့ရာမှ ယခု လက်ရှိ ၁၄၀၀ ကျော် ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly