ဖျက်ဆီးခံရမှုများနှင့် ခိုးဝင်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအား ပြန်လည်ပြင်ဆင်လျက်ရှိ

ပို့စ်တင်ချိန် - 2/09/2014 10:42:00 AM


(ပျက်စီးနေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက်အား တွေ့ရစဉ်)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်လျှောက် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ၏ ဖျက်ဆီးခံရမှု၊ ခိုးယူမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့် နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကွန်ကရစ်ခင်းခြင်းနှင့် သံဆူးကြိုး လဲလှယ်ခြင်းလုပ်ငန်းအား စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခြံစည်းရိုးများအား ပြန်လည်ပြင်ဆင်ခြင်းစီမံကိန်းကို ဒီဇင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်တပ်ဆင်ခဲ့သည့် သံဆူးကြိုးခွေများအား ပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မြေထိန်းနံရံများနှင့် သံဆူးကြိုးတပ်ဆင်မည့် နေရာများတွင် ကွန်ကရစ်ခင်းသည့်လုပ်ငန်း စတင်နေပြီဖြစ်ကြောင်း သိရသည်။

နတ်မြစ်ဝ ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ နယ်စပ်ခြံစည်းရိုးများမှာ မြစ်ရေတိုက်စားခြင်းကြောင့် ပျက်စီးခြင်းများ၊ သံဆူးကြိုးခွေများ ဟောင်းနွမ်းဆွေးမြည့်လာခြင်းများလည်း ရှိနေပြီဖြစ်ကြောင်း၊ မိုးတွင်းကာလကလည်း မောင်တောမြို့နယ် ပညောင်ပင်ကြီး၊ မှိုဝင်ချောင်း ကင်းစခန်းအနီးတွင် ပေ ၅၀၀ ခန့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသည့်နေရာမှာ နယ်စပ်ခြံစည်းရိုးစတင်သည့် နေရာမှဖြစ်ပြီး သဲသောင်ပြင်ကြီးအား မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ခြံစည်းရိုးပျက်စီးရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းသို့ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ခြံစည်းရိုးများကိုလည်း ပြန်လည်ပြုပြင်ပြီးဖြစ်ကာ ခြံစည်းရိုးစတင်တည်ဆောက်သည့် တုံးချောင်းဝမှ တောင်ပြိုလက်ဝဲအထိ နတ်မြစ်တစ်လျှောက် မိုင် ၄၀ အကွာအထိကို မြေထိန်းနံရံ ခိုင်မာစေရန် သံဆူးကြိုးခွေချမည့်နေရာတွင် ကွန်ကရစ်ခင်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ မြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်းများအား ဧပြီလတွင် အပြီးတည်ဆောက်ရန် လျာထားကြောင်းနှင့် လက်ရှိတွင် ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ငါးနှစ်တာကာလသို့ ရောက်ရှိပြီးဖြစ်၍ တည်ဆောက်ပြီး ခြံစည်းရိုးပျက်စီးမှုများ ကြုံတွေ့လာရခြင်း ဖြစ်ကြောင်းနှင့် ပြန်လည်ပြုပြင်ရန်ရှိကြောင်းလည်း ခြံစည်းရိုးလုပ်ငန်းကို လုပ်ကိုင်နေသည့် စစ်မြေပြင်အင်ဂျင်နီယာတပ်မှ အရာရှိတစ်ဦးက ဆိုသည်။

ပျက်စီးသွားသည့် နယ်စပ်ခြံစည်းရိုးများကို စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ပြီး မောင်တောမြို့နယ်တောင်ပိုင်း နတ်မြစ်ဝမှ စတင်ကာရံခဲ့သည့် နယ်စပ်ခြံစည်းရိုးမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံနယ်စပ်အထိ မိုင်တိုင် ၁၆၈ မိုင် ရှည်လျားကြောင်းနှင့် လက်ရှိတွင် နယ်စပ်မှတ်တိုင် ၆၆ အထိ ကာရံပြီးဖြစ်ကာ မိုင် ၁၃၀ အထိ ရောက်ရှိကြောင်း သိရသည်။

ယင်းအပြင် သဘာဝဘေးအန္တရာယ်များနှင့် လူခိုးယူမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး ပျက်စီးပျောက်ဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ မောင်တောမြို့နယ်မြောက်ပိုင်း တောတွင်းနယ်မြေများတွင် မိုးတွင်းကာလအတွင်း တောင်ကျရေများကြောင့် နိုင်ငံခြံစည်းရိုးပျက်စီးခြင်းများ၊ ပင်လယ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုဆင်းကာ ခြံစည်းရိုးပြိုပျက်စီးမှုနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည့် ဒေသများတွင် တစ်ဖက်နိုင်ငံမှ လူများခိုးယူခြင်းကြောင့် ခြံစည်းရိုး ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ခြံစည်းရိုးရှိ သံဆူးကြိုးခွေများ ပျောက်ဆုံးခဲ့သည့်နေရာမှာ မောင်တောမြို့နယ် မြောက်ပိုင်းနယ်စပ် မှတ်တိုင် ၄၆ နှင့် ၄၈ ကြားရှိ ခြံစည်းရိုး အခန်းပေါင်း ၄၉၆ ခန်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး သံဆူးကြိုးခွေပေါင်း နှစ်ထောင်နီးပါး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ပျောက်ဆုံးခဲ့မှုကို အောက်တိုဘာလအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ချက်ချင်းပြန်လည် ပြုပြင်တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ အခိုးခံရတာဖြစ်တယ်။ ခြံစည်းရိုး တည်ဆောက်စဉ်ကတည်းက သံဆူးကြိုးခွေတွေဖြတ်ပြီး အခိုးခံရတာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဒီကသံဆူးကြိုးတွေနဲ့ စိုက်ပျိုးရေးခြံတွေကို ကာရံကြတယ်လို့ ကြားတယ်။ ခြံစည်းရိုး တည်ဆောက်ထားပေမယ့် လုံခြုံရေးအပြည့်မရှိတော့ လစ်ရင်လစ်သလို အခိုးခံနေရတာ ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအား ၂၀၀၉ ခုနှစ်ကတည်းက စတင်ကာရံခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ပြီး ခြံစည်းရိုးများ ပျက်စီးမှုများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်းနှင့် သံဆူးကြိုးခွေများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများအဆင့် ဆွေးနွေးပွဲများတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။

“အခု ကွန်ကရစ်ခင်းတာ လုပ်နေတာကတော့ နယ်စပ်ခြံစည်းရိုးအစ တုံးချောင်းဝကနေ တောင်ပြိုလက်ဝဲအထိ မိုင် ၄၀ ခန့် ဖြစ်ပါတယ်။ ဆောင်ရွက်ရတဲ့အကြောင်းကလည်း သံဆူးကြိုးချမယ့်နေရာမှာ ချုံတွေပေါက်တော့ ချုံမပေါက်ရအောင် ၁၈ ပေအကျယ်ရှိတဲ့ ကွန်ကရစ်ခင်းတယ်။ ပြီးမှ သံဆူးကြိုး အသစ်လဲမယ်။ နောက်ပြီး ခြံစည်းရိုးကို စောင့်ရှောက်ဖို့ ကင်းလှည့်ရာမှာလွယ်ကူအောင် ကွန်ကရစ်လမ်းဖောက်တာ အခုဆိုရင် ၅ မိုင် လောက်အထိ ပြီးနေပါပြီ။ အဓိကçကတော့ ရေတိုက်စားတာကို ကာကွယ်နိုင်အောင်ရယ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု နယ်စပ်ခြံစည်းရိုးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


Eleven Media Group