ဗင်နီဇွဲလား အငြိမ်းစားဗိုလ်ချုပ်ကို ဖမ်းဆီးရန် သမ္မတ အမိန့်ပေး

ပို့စ်တင်ချိန် - 2/24/2014 08:26:00 PM

အငြိမ်းစားဗိုလ်ချုပ် ဗီဗက်

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဗိုလ်ချုပ် အန်ဂယ် ဗီဗက်ကို ဖမ်းဆီးဖို့ သမ္မတက အမိန့်ပေးထားပြီး ဆန္ဒပြသမား ၂၀၀ လောက်ဟာ ဗိုလ်ချုပ်ရဲ့ အိမ်နားမှာ ၀ိုင်းရံ စောင့်ကြပ်ပေးနေကြရပါတယ်။

သမ္မတ နီကိုလတ် မာဒူရိုက ဗိုလ်ချုပ်ဗီဗက်ဟာ ဆန္ဒပြသမားတွေကို နိုင်ငံရေး အန်တုနည်းတွေ၊ လမ်းတွေကို ကြိုးတွေနဲ့ ပိတ်နည်းတွေကို လူမှုကွန်ရက်တွေကနေတဆင့် သင်တန်းတွေ ပေးခဲ့တယ်လို့ ပြော ပြီး နောက်မှာ အမှုတခုနဲ့ သူ့ကို ဖမ်းဖို့ အမိန့်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ စူပါမားကက်မှာ အလုပ်လုပ်တဲ့ လူငယ် တယောက် လမ်းမှာ တားထားတဲ့ ကြိုးနဲ့ ညှိပြီး ဆိုင်ကယ်မှောက်မှုအတွင်း သေဆုံးခဲ့တဲ့အမှုနဲ့ ဆက်စပ်လို့ သူ့ကို ဖမ်းဆီဖို့ သမ္မတက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဗီဗက်ဟာ အရင်က အမိန့်မနာခံမှုနဲ့ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ခဲ့ရသူ ဖြစ်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ဗိုလ်ချုပ်ဗီဗက်က “ဆန္ဒပြသမားတွေ လက်နက်တွေကို မကိုင်ကြဖို့ လူမိုက်ဂိုဏ်းတွေ၊ စစ်တပ်တွေ၊ တင့်ကားနဲ့ လက်နက်တွေရန်ကနေ ကာကွယ်ဖို့ဆိုရင် ၀ိုင်ယာကြိုးတွေကို သုံးဖို့ အကြံပေးခဲ့တာပါ။ ဒီလို အကြံပေးလို့ ကျနော်ကို ဖမ်းဆီးထောင်ချချင်နေတာပါ”လို့ သူ့ နေအိမ် လေသာဆောင်ကနေ အသံချဲ့စက်နဲ့ ပြောပါတယ်။

လမ်းမှာ ၀ိုင်ယာကြိုးချထားဖို့ တိုက်တွန်းခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ် အန်ဂယ်ဗီဗက်ကို ရှာဖွေ ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သမ္မတက ပြောပါတယ်။ ဆန္ဒပြသမားတွေကို ဖက်ဆစ်တွေလို့လည်း တံဆိပ်တပ်လိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၂ ပတ်နီးပါး ရှိလာပါပြီ၊ ညဘက်မှာ  ရဲတွေနဲ့ ကျောင်းသားတွေကြား ဖြစ်တဲ့ ပဋိပက္ခက အဆိုးရွားဆုံး ဖြစ်ပါတယ်။

ဆန္ဒပြပွဲဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဆန္ဒပြတဲ့ ကျောင်းသားတယောက် သေဆုံးခဲ့တဲ့အဖြစ်အပျက်ကနေ စခဲ့ပြီး သဘောထားတင်းမာတဲ့ အတိုက်အခံ ခေါင်းဆောင် လီအိုပေါ်ဒိုလိုပက်ကို ဖမ်းဆီးမှုကြောင့် အရှိန်မြင့်တက်ခဲ့ပါတယ်။

အခုအထိ သေနတ်ဒဏ်ရာကြောင် သေဆုံးသူ ၅ ယောက် ရှိသွားပြီ၊  ဖေဖော်ဝါရီ ၂၂ နေ့က ကျောင်းသူတယောက် မျက်နှာမှာ ရာဘာကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး လမ်းပိတ်ထားတဲ့ အတွက် မတော်တဆမှုတွေအတွင်း သေဆုံးသူ တချို့လည်း ရှိပါတယ်။

တိုင်းပြည်ထဲမှာ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှု၊ နို့နဲ့ ဂျုံမှုန့်လို အခြေခံ စားကုန် ပြတ်လပ်မှုတွေ ရှိနေတာဟာ ကွယ်လွန်သူ လက်ဝဲ၀ါဒီ သမ္မတ ဟူဂိုချားဗက်စ်ရဲ့ စီးပွားရေး အမွေကို ဆက်ခံတဲ့ လက်ရှိအစိုးရရဲ့ မူဝါဒအမှားကြောင့်လို့ အတိုက်အခံက ဝေဖန်ပါတယ်။

DVB Burmese