မန်းချောင်းနံဘေး၊ သက်ငယ်ပျစ်ပေါ်က ဘဝများ

ပို့စ်တင်ချိန် - 2/23/2014 01:58:00 AM


  မန်းရွှေစက်တော် ဘုရားပွဲကျင်းပရန် နီးကပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်လုပ်နေကျ လုပ်ငန်းဖြစ် သော အလုပ်ကို လုပ်ရန် ရွှေစက်တော်တောင်ခြေအနီးရှိ လှေ တင်သောင်စခန်းသို့ အိုးပြင်မဲ ကျေးရွာသူ ကျေးရွာသားများ ရောက်ရှိလာကြသည်။

ရွှေစက်တော်ဘုရားပွဲကာလအတွင်းဈေးဆိုင်များ၊ တည်းခိုဆောင်များ ဆောက်လုပ်ရန် လိုအပ်သော သက်ငယ်ပျစ် ပျစ်ခြင်း၊ ဝါးခုတ်ခြင်းအစရှိသည့် အလုပ်များ လုပ်ကိုင်နိုင်ရေးအတွက်ရွာမှ ပြောင်းရွှေ့လာ ကြခြင်းဖြစ်သည်။ မန်းချောင်းဘေးတွင်ပင် ဖြစ်သလို တဲထိုးပြီးနေကြ၏။

ရွှေစက်တော်ဘုရားပွဲတော်တွင် ဈေးဆိုင်များ၊ တည်းခိုဆောင်များကို သက်ငယ်ပျစ်များဖြင့်သာ အဓိက ထား မိုးကာရသည်။ ထို့ကြောင့် များပြားလှသောဈေးဆိုင်များ တည်းခိုဆောင်များအတွက် အမိုးအကာ လိုအပ်ချက်ကို အမှီပြု၍ သက်ငယ်ပျစ် လုပ်ငန်းကို အိုးပြင်မဲရွာသားများ လုပ်ဆောင် လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“ဒီမှာက နှစ်စဉ်နှစ်တိုင်း ဘုရားပွဲကာလ မတိုင်ခင်ကတည်းက လာရောက်ပြီး လုပ်ရောင်းကြပါတယ်။ မိုး တွင်းကာလမှာ စားဝတ်နေရေး အဆင်မပြေလို့ ကုန်သည်တွေဆီက ကြိုပြီးယူထားတဲ့ ငွေအတွက် သက် ငယ်ပျစ်လုပ်ပြီး ပေးဆပ်ရတယ်” ဟု ရွှေစက်တော်ဘုရား တောင်ခြေတွင် ဝါးခုတ်၍ သက်ငယ်ပျစ် လုပ် ရောင်းရခြင်းကို မိသားစုလေးယောက်ရှိသော
ဒေါ်အေးမြက ပြောပြပါသည်။

“သက်ငယ်ပျစ် ရက်လုပ်နိုင်ရန်အတွက် မနက်လင်းအားကြီးအချိန်တွင် အိမ်ထောင် ဦးစီးယောက်ျားများ က အနီးနားရှိ ဝါးတောများသို့ သွားရောက်ကာ ဝါးခုတ်ကြရသည်။ ရရှိလာသောဝါးများကို သုံးပေ အပိုင်း များ ပိုင်းပြီး သက်ငယ်နှီးကို ဦးစွာဖျာကြရပြီး နောက် အိမ်ရှင်မများက သက်ငယ်ပျစ်ပစ် ရတယ်” ဟု ဒေါ် အေးမြက သက်ကယ်တံများကို လက်ကကျော့ကိုင်ပစ်ရင်း ပြောသည်။

သက်ငယ်ပျစ် တစ်ပျစ်လျှင် ၁၅ဝ ကျပ် ပေါက်သော်လည်း လှေတင်စခန်းသို့ လာရောက်၍ သက်ငယ် ပျစ်လုပ်ငန်း လုပ်ကိုင်ကြသူ များမှာ မိုးရာသီတွင် ကုန်သည်များထံမှ စားဝတ်နေရေးအတွက် ကြိုတင်ငွေ ယူ၍ စားကြရသဖြင့် ပေါက်ဈေးအတိုင်းမရပဲ သက်ငယ်တစ်ပျစ်ကို ကျပ် ၅ဝ ဖြင့် မတန်တဆ ဈေးဖြတ်ခံ ရ၏။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း မြန်မာသက္ကရာဇ် တပို့တွဲ လဆန်း ၅ ရက်မှ တန်ခူးလ နှစ်ဆန်း တစ်ရက်နေ့ အထိ နှစ်လနှင့် ၁၇ ရက်ကြာ ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံအနှံ့ အပြားမှ ဘုရားဖူး ခရီးသည်များနှင့် နိုင်ငံခြားခရီးသွားများ အများဆုံး လာရောက်လည်ပတ် ကြသော နေရာတစ်ခုလည်း ဖြစ်သည်။

ရွှေစက်တော်ဘုရားပွဲတွင် လာရောက်ကြသော ဘုရားဖူး ခရီးသည်များအတွက် သက်ငယ်ပျစ်များဖြင့် အမိုးအကာလုပ် တည်ဆောက်ထားသော တည်းခိုဆောင်များ စုစုပေါင်း ၁,ဝဝဝခန့်ရှိပြီး ဈေးဆိုင်များ လည်း ထောင်ချီရှိသည်။
“ပွဲတော်က တစ်နှစ်မှတစ်ကြိမ်ဆိုတော့ တစ်ခါသုံးအနေနဲ့ သက်ငယ်မိုးသက်ငယ်ကာနဲ့ပဲ တည်ဆောက် ကြတယ်။

သက်ငယ်ကတော့ တောင်ခြေမှာ သက်ငယ်ကုန်သည်တွေဆီမှာ သက်ငယ်ပျစ်တစ်ရာ ကို တစ်သောင်းခွဲနဲ့ ဝယ်ရတယ်။ နှစ်တိုင်းတော့ သက်ငယ်တစ်ရာကို တစ်သောင်း ပဲပေးရတယ်။ ဒီနှစ်တော့ တစ် သောင်းခွဲပေးရတယ်” ဟု တည်းခိုဆောင်များ၊ ဈေးဆိုင်များမိုးရန် သက်ငယ်ပျစ်ဈေးများ ဈေးကြီး မြင့်သွားရပုံကို ရွှေစက်တော်တောင်ခြေမှ တည်းခိုခန်းပိုင်ရှင် တစ်ဦးကရှင်းပြသည်။
သက်ငယ်ပျစ်ဈေး ယခုနှစ်တွင် မြင့်တက်လာသော်လည်း မုန်းချောင်းဘေး လှေသောင်စခန်းမှ သက်ငယ် ပျစ်ကြသူများမှာ ကြိုတင်ငွေယူထားရသဖြင့် သက်ငယ် တစ်ရာလျှင် ၅,ဝဝဝ ကျပ်နှုန်းဖြင့်သာ ဈေးဖြတ် ခံရ၍ သက်ငယ်ကုန်သည်များအတွက်သာ အမြတ်အစွန်းပိုရကြောင်း သက်ငယ်ပျစ်သူများက ဆိုကြသည်။

ရွှေစက်တော်ဘုရားနှင့် ခုနစ်မိုင်ခန့် ဝေးပြီး အိမ်ခြေ ၁၆ဝ ခန့်ရှိသော အိုးပြင် မဲကျေးရွာမှ အိမ်ထောင်စု ပေါင်း ၃၂ စု မှာလည်း မိုးတွင်းကာလ စီးပွားရေးမပြေ လည်ချိန်တွင် သက်ငယ်ပျစ်ဖိုး ကြိုတင် ငွေယူထား ရမှုကြောင့် မုန်းချောင်းဘေး လှေတင်စခန်း တွင် တဲထိုး၍ သက်ငယ်ပျစ် များ ရက်လုပ်ပေးရကြောင်း သက် ငယ်ပျစ် လုပ်ရောင်းသူများ အဖွဲ့ခေါင်းဆောင် ဦး ဖိုးကွန်းက ဆိုသည်။
“အိမ်ထောင်စုပေါင်း ၃၂ စုက လူဦး ရေစုစုပေါင်း ၈ဝ ကျော်ရှိတယ်။ ရန်မဖြစ်ရအောင် အချင်းမများရ အောင်ဆိုပြီး ဘုရား ဂေါပကအဖွဲ့တွေက ကျွန်တော့်ကို ခေါင်း ဆောင်ထားပေးတယ်။ အားလုံးက ရွာမှာ အဆင်မပြေလို့ လာပြီး လုပ်ကိုင်ကြတာ ဖြစ်တဲ့အတွက် ဘာမှတော့ ပြဿနာ မရှိကြပါဘူး။

ကြိုတင်ငွေယူပြီး သက်ငယ်ပျစ်လုပ် ရောင်းရတဲ့ဘဝတွေက တော်တော်ကို မလွယ်ဘူး။ဈေးလည်း အဆ မတန်ကွာတယ်” ဟု လှေသောင်စခန်းခေါင်းဆောင် ဦးဖိုးကွန်းက ရှင်းပြသည်။

“မိုးတွင်းကာလမှာ ကုန်သည်တွေဆီက ကြိုငွေယူထားသမျှကို ဘုရားပွဲကာလမှာ သက်ငယ်ပျစ်ပြီး ကျေ အောင်ဆပ်ရတယ်။ သက်ငယ်ပျစ်တဲ့ နေရာမှာလည်း မိသားစုဝင်အားလုံး တက်ညီလက်ညီနဲ့ မနား မနေ လုပ်ကြရတယ်။ ကလေးတွေလည်း မနေရဘူး။ သက်ငယ်ကူပျစ်ပေးရတယ်”ဟု မိသားစုလိုက် ပြောင်း ရွှေ့၍ သက်ငယ်ပျစ်ရခြင်းအကြောင်းကို ဆက်လက် ရှင်းပြသည်။
အိုးပြင်မဲကျေးရွာတွင် မူလတန်းလွန် အလယ်တန်းကျောင်းတစ်ကျောင်း ရှိသော် လည်း မန်းချောင်းဘေး လှေတင်သောင် စခန်းသို့ရောက်လာကြသော သက်ငယ် ပျစ်၍ ဝမ်းစာရှာဖွေရသူမိသားစုများတွင် သေ စာရှင်စာဖတ်တတ်ရုံမျှသာ ပညာသင် ကြား ပေးနိုင်ကြပါသည်။ ကလေးများကို ကျောင်းမှနုတ်ကာ လှေ တင်သောင်စခန်းသို့ တစ်ပါးတည်းခေါ်လာကြရသည်။ တဲ တွင် ထမင်းချက်ခိုင်း သက်ငယ်ပျစ်။ ဝိုင်းကူ ပျစ်ခိုင်း ကြရသည်။

“ကျွန်တော့် အသက်က ၁၃နှစ်ရှိပြီ။ အဖေက သက်ငယ်ဝါးခုတ်၊ သက်ငယ်နှီး ဖြာတယ်။ အမေနဲ့ ကျွန် တော်က သက်ငယ် ပျစ်ရတယ်။
သက်ငယ်နှီးတွေ များများ ရရင်တစ်နေ့ကို သက်ငယ် ၅ဝ လောက် ခန့် ပျစ်နိုင်တယ်” ဟု လက်ချောင်းလေးများတွင် သက်ငယ်နှီးများရှကွဲမှုကြောင့် အဝတ်စဖြင့် ပတ်စည်း၍ သက်ငယ်ပျစ်ရင်း ရယ်ရယ်မောမောဖြင့် မောင်ရဲသူရကျော်က ဆိုသည်။
အိုးပြင်မဲကျေးရွာတွင် စီးပွားရေး အလုပ်အကိုင်ပြေလည်ကြသော မိသားစုဝင်များသာလျှင် သားသမီးတို့ ၏ပညာရေးကို ဆုံးခန်းတိုင်အောင် ထားပေးနိုင်ကြပြီး တစ်ရွာလုံးတွင် ဘွဲ့ရပညာတတ်လေးယောက်သာ ရှိကြောင်းကိုလည်း သက်ငယ် နှီးဖြာရက်လုပ်သူများက ဆိုကြသည် ။

“လှေတင်သောင်စခန်းက မိသားစုတွေအားလုံးက အဆင်မပြေကြဘူး။ အဆင် ပြေတဲ့မိသားစုတွေက လည်း သောင်ပြင်မှာ တဲထိုးပြီး လုပ်မစားကြဘူး။ သက်ငယ်ပျစ် (သက်ကယ်) လုပ်စားရတဲ့အတိုင်း တကယ့်ကို အသက်မသေရုံပါပဲ။ မနည်း အသက် ဆက်ရတယ်။ သက်ငယ်ဆိုတာ တကယ့် အသက် ကယ်ရုံလောက်ပါပဲ” ဟု သက်ငယ် ၏အဓိပ္ပာယ်ကို ဘဝအတွေ့အကြုံ၊ ခံစားမှု အတွေ့အကြုံပေါင်းများ စွာဖြင့် ပြောပြသည်။

မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက် တော်တောင်ခြေတွင် မြတ်စွာဘုရား၏ခြေ တော်ရာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ သက်ဝင် ယုံကြည်ရာ သမိုင်းကြောင်းရှိခဲ့သည်။ ထို့ကြောင့် မန်းရွှေစက်တော်သို့ ဟိုးယခင် နှစ် များစွာကကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများဖြင့် သွားရောက်ဖူးမြော်ရခြင်းတို့ မရှိတော့ပေ။

လမ်းပန်းဆက်သွယ်ရေးမှာ ဘုရားတောင်ခြေထိ ကတ္တရာလမ်း ဖောက်လုပ်ထားပြီးသည်မှာ ဆယ်နှစ်ခန့် ပင် ကြာမြင့်ခဲ့ပြီး သွားလာရေးပိုင်းတို့ တွင် ချောမွေ့လာပြီး ရွှေစက်တော်ဘုရားပွဲသည် ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီ ဖြစ်သည်။

ရွှေစက်တော်ဘုရားပွဲတော်မှာ တစ် နှစ်ပြီးတစ်နှစ် ပြီးဆုံးသွားသော်လည်း ဘုရား ပွဲတော်ကို အမှီပြု အသက်မွေးဝမ်းကျောင်း ပြု ရသော ရွှေစက်တော်ဘုရားအနီး မန်း ချောင်းဘေး လှေတင်သောင်စခန်းမှ သက် ငယ်ပျစ်လုပ်ငန်းဖြင့် အသက်မွေးရသော မိသားစုဘဝများ၏ သက်ကယ် (ဒေသခံများရဲ့ အသံ ထွက်)ဆိုသည့်အတိုင်း အသက်ကယ်ရုံ အသက်ဆက်ရုံ ဒုံရင်းအခြေအနေ အတိုင်းပင် ရှိနေသေးသည် ဖြစ်သည်။

Written by  ဖိုးစိုးသူ(ကံမ)
Mizzima - News in Burmese