ဖက်ဆစ်ဝန်ကြီး အလိုမရှိဟူ၍ တစ်ကိုယ်တော်ဆန္ဒပြ

ပို့စ်တင်ချိန် - 2/21/2014 11:58:00 AM



မန္တလေး၊ ဖေဖော်ဝါရီ ၁၉

ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ကမ်းနားလမ်းကြား၊ ၂၆ လမ်း၊ မြို့တော် ဥယျာဉ်ရှေ့တွင် ဦးအေးသိန်း (၄၂)နှစ်၊(ဘ) ဦးမောင်ကို၊ ၉/သပက(နိုင်) ၀၃၃၁၁၆ (ILO နှင့်ဆက်သွယ် ဆောင်ရွက်သူများ ကွန်ရက်)၊ အမှတ် (၂) ရပ်ကွက်၊ တွင်းငယ်ကျေးရွာ၊ သပိတ် ကျင်းမြို့နယ် နေသူသည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူပေးရန်အတွက် ဟောပြောခြင်း၊ လမ်းလျှောက်ခြင်းများကို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုပြုလုပ် ခဲ့သည်။

ဦးအေးသိန်းက ၎င်း၏ ခန္ဓာကိုယ်ရှေ့၌ အလျား ၄ ပေ၊ အနံ  ၂ ပေခန့်ရှိသော အဖြူရောင် ပလတ်စတစ် ပေါ်တွင် ““ပြည်သူကို စော်ကားသော ၀န်ကြီးဦးအုန်းမြင့်အား တာဝန်မှ ဖယ်ရှားပြီး ပြစ်မှု ပုဒ်မ ၂၉၄၊ ၅၀၅(ခ)၊ ၅၀၆ အရ အရေးယူပေးရန် ပြည်သူ၏ ဆန္ဒဖော်ထုတ်ခွင့် မြို့နယ်ရဲမှူးများ ပိတ်နေခြင်းကို ဆန္ဒပြသည်””ဟု ရေးသားထားသော ဗီနိုင်းအား လည်းကောင်း၊ နောက်ကျောတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ၏ ရုပ်ပုံအား ဂျပန်စစ်ဝတ်စုံဖြင့် ရုပ်ပြောင်ရေးဆွဲထားပြီး ““အလိုမရှိ””ဟု ရေးသားထားသော ဗီနိုင်း ချိတ်ဆွဲကာ ဆန္ဒထုတ် ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သူ ဦးအေးသိန်းသည် ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူများသို့ ပန်ကြားလွှာ (၁) နှင့် (၂) တို့အား ဖတ်ကြားခဲ့သဖြင့် ဖတ်ကြားခြင်း အား ရပ်ဆိုင်းရန်နှင့် ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းခင်က  တားမြစ်ခဲ့ပြီးနောက် ဟောကြားခြင်းအား ရပ်ဆိုင်းခြင်း၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ ချိတ်ဆွဲ ထားသော ဗီနိုင်းအား ပြန်လည် ဖြုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ သည်။

ကျော်ဟိန်း(မန္တလေး)
Myanmar Thandawsint Newspaper