မုဒိတာပီတိမျက်ရည်များနှင့် သာဓုအကြိမ်ကြိမ်

ပို့စ်တင်ချိန် - 2/26/2014 10:30:00 PM

--------
ရေးသားသူ- သင်းရီ

“အစ်ကိုသင်းရီရေ . . အစ်ကို့အစ်မ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီ အစ်ကိုရေ။ မနေ့ကပဲ ဆေးရုံကပြန်ဆင်းလာတယ်။ သူ့အင်္ကျီအရောင်လေးတွေ ဘာတွေတောင်
သူအတော်ကြည်ကြည်လင်လင်လေးမြင်ရပြီတဲ့။ နောက်ရက်ဆို ဒီထက်ပိုမြင်လာရလိမ့်မယ့်လို့ မျက်စိဆရာဝန်ကြီးကပြောလိုက်တယ်တဲ့”

နံနက်စောစောစီးစီး မင်္ဂလာသတင်းစကားကြားလိုက်ရဆိုသလို ကျွန်တော့်မွေးဇာတိမြို့လေးဆီမှ ညီမတစ်ယောက်က ဖုန်းဆက်လာတော့ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးဖုတွေထသွားသည်။ နှစ်ပေါင်းများစွာပင် မျက်စိအလင်းမှုန်ဝါးလာခဲ့ရာမှ လုံးဝနီးပါးအမြင်ကွယ်ခဲ့ပြီဖြစ်သော ကျွန်တော့်အစ်မရင်းလိုဖြစ်နေသူ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီတဲ့။ မထင်တော့သည့်အဖြစ်မျိုးပေမို့ ကိုယ့်နားကိုမျှ ကိုယ်မယုံမိလိုက်။ မုဒိတာပီတိဖြင့် မျက်ရည်ပင်ဝိုင်းမိလိုက်ရသည်။ ကျွန်တော်က “အစ်မ”ဟုသာခေါ်လျက် ကျွန်တော်တို့တစ်မြို့လုံးလိုလိုက “ညွန့်ညွန့်”ဟု ခေါ်တတ်သည့် သူ့အသံချိုချိုနူးနူးညံ့ညံ့လေးကလည်း အဝေးတစ်နေရာဆီမှ အမောတကော ပြေးလာလိုက်သလို ကျွန်တော့်နားထဲ ဝေ့၀ဲကြားယောင်လာလိုက်သေးသည်။

“ခင်ခင်ရေ . . .ရွေပေါ်စာယူဦးမလားဟေ့။ ကျွန်းသားရွေပေါ်စာလေးတွေ ကောင်းလိုက်တာ။ ဖြတ်စတောက်စ အပိုင်းအစလေးတွေတောင်ပါရဲ့ကွယ်”

“အေးလေးရေ . . .သမီး။ ရွေပေါ်စာလေးတွေ တစ်အိတ်လောက် ယူလိုက်ပါဦးလားကွယ်။ ဒီနေ့ နှစ်အိတ်တောင်မှပါလာတာ။ ညွန့်ညွန့်ပခုံးပေါ်မှာ လေးလွန်းလို့ပါ”

ညွန့်ညွန့်က သူတို့ရပ်ကွက်ထဲတွင်ရှိသော ကျွန်းသားအိမ်ထောင်ပရိဘောဂတွေလုပ်သည့် လက်သမားအလုပ်ရုံများသို့သွားကာ ရွေပေါ်စာတွေကိုကောက်ပြီး ပီနံအိတ်တွေနှင့် စုထားတတ်သည်။ တစ်ရက်အတွက် တစ်အိတ်၊ နှစ်အိတ်ရပြီဆိုလျှင်တော့ သူ့အတွက် တစ်ရက်စာ ထမင်းစရိတ်အပါအ၀င် တိုလီမိုလီသုံးဖို့စွဲဖို့ပါ ဖူလုံပြီဖြစ်၏။ အဲ့သည် ရွေပေါ်စာအိတ်ကို ကျောမှာတင်ပိုးကာ မြို့ထဲလမ်းတွေထဲ လည်ရောင်းရသည်။ ကျွန်တော်တို့အရပ်တွင်တော့ မီးဖိုချောင်အတွက် ထင်းနှင့်မီးသွေးကိုသာ အသုံးများတတ်ကြသည်မို့ ညွန့်ညွန့်လည်ရောင်းသည့် ရွေပေါ်စာလေးတွေက မီးပျိုးသည့်နေရာမှာ အလွန်အသုံးဝင်သည်။

မွေးရပ်မြေမှ ကျွန်တော် ထွက်ခွာမလာခဲ့ခင် ဟိုဘက်ဆယ်နှစ်အကျော်လောက်ဆီတုန်းကတော့ အဲ့သည်ရွေပေါ်စာအိတ်တစ်အိတ်ကို ငွေနှစ်ဆယ်၊ အစိတ်လောက်တော့ ရောင်းရတတ်သည်ထင်၏။

အဲ့သည်အခါတုန်းက ညွန့်ညွန့်၏အသံလေးကို နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း နံနက် ၉ နာရီဝန်းကျင်လောက်ဆို ကျွန်တော်တို့ အိမ်ရှေ့ပေတစ်ရာလမ်းမဆီမှ ကြားရတတ်သည်။ အိမ်တွင် ကျွန်တော်ရှိနေခိုက်မို့ဆို သူ့အသံလာရာဆီသို့ ကျွန်တော်လှမ်းမကြည့်ဘဲမနေဖြစ်ခဲ့။ သူနှင့် ကျွန်တော်က ဆွေရယ်၊ မျိုးရယ်တော်စပ်ကြသူတွေ မဟုတ်သော်လည်း သူ့အကြောင်းကို ကျွန်တော်ငယ်စဉ် ပေါက်စနအရွယ်လေးကတည်းကပင် ကျွန်တော့်မိဘများထံမှ မကြာခဏဆိုသလို ကြားသိနေခဲ့ရသဖြင့် သူ့အပေါ် အစ်မအရင်းတစ်ယောက်လို သံယောဇဉ်ဖြစ်နေမိခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့်လေးငါးနှစ်တုန်းက မွေးရပ်ကို ကျွန်တော်တစ်ခေါက်ပြန်ဖြစ်တော့ ညွန့်ညွန့်နှင့် ကျွန်တော်မထင်မမှတ်နှင့်ပင် ကျွန်တော်တို့အိမ်ရှေ့မှ ပေတစ်ရာလမ်းတွင်ပင် ဆုံမိကြသေးသည်။

အဝေးကတည်းကပင် အဲဒါသည် ညွန့်ညွန့်ဖြစ်ကြောင်း ကျွန်တော်သိသည်။ ကြေးညှော်မရှိအောင် လျှော်ဖွပ်ထားသော်လည်းဟောင်းလှ၊ နွမ်းလှပြီဖြစ်သည့် အင်္ကျီနှင့် ထဘီကို ၀တ်ထားသည်။ သူ့ထဘီကတော့ ဖြစ်သလိုဝတ်လာခဲ့တတ်သဖြင့် အမြဲလိုစွန်တောင်ဆွဲဖြစ်နေတတ်သည်။ နေပူရှိန်ကိုကာကွယ်ဖို့ ညိုညစ်ညစ်ဦးထုပ်တစ်လုံးကို ဖွာလန်ကြဲနေသည့် ကပိုကရိုနိုင်လှသော ဖြူရော်ရော်ဆံပင်တွေပေါ်မှာ ခပ်ငိုက်ငိုက်တင်ပြီး ဆောင်းထားသည်။ ကျောပေါ်တွင်တော့ ထုံးစံအတိုင်း ရွေပေါ်စာပီနံအိတ်တစ်လုံး။

လမ်းပေါ်တွင် ခြေထောက်ကို ရွှေ့ရုံချိန်ဆ၍ ဖြည်းဖြည်းချင်းလှမ်းနေတာမြင်ရကတည်းက နဂိုကပင် သိပ်ကောင်းလှပုံမရသော ညွန့်ညွန့်၏မျက်လုံးတွေက အသက်အရွယ်ကြောင့်ပို၍ပင် မှုန်ဝါးခဲ့ပြီဖြစ်ကြောင်း သိသာနေသည်။ နေပူမိုးရွာမရှောင် တစ်ခါတစ်ရံဆို ဖိနပ်ပင်မပါဘဲ လမ်းပေါ်လျှောက်နေခဲ့ရသော ခက်ထန်ခဲ့သည့်ဘ၀၏ ထုထောင်းဒဏ်ကြောင့်လည်း သည်မျက်လုံးတွေက ပိုဆိုးခဲ့လေသည်လားတော့မသိ။

မောင်ဖားညီအစ်မတူသားနောင်မယ်မရှိရှာသည့် ညွန့်ညွန့်ခမျာ ရွေပေါ်စာအိတ်ကျောပိုးကာ ခုအရွယ်ထိပင် ထမင်းတစ်လုတ်အတွက် ရွေပေါ်စာရောင်းနေရဆဲပါလားဟု ကျွန်တော့်ရင်ထဲမှာ နင့်ခနဲနင်သည်။

“Dear my sister, how are you”

(အစ်မရေ နေကောင်းရဲ့လား)ဟု အနားအရောက်တွင် ကျွန်တော်မေးလိုက်သည့်အခါ မျက်မှောင်လေးကုပ် မျက်ခုံးပေါ်လက်ဝါးလေးအုပ်မိုးပြီး ကျွန်တော့်မျက်နှာဆီသို့ သဲကွဲအောင် ကြိုးစား၍မောကြည့်ရင်း ဖြူမွဲမွဲဆံစတွေဝဲကျနေသော အရေပြားလေးတွေ တွန့်လှပြီဖြစ်သည့် မျက်နှာဝိုင်းလေးပေါ်မှာ သူ့ပြုံးမြဲ ထုံးစံအတိုင်း အေးချမ်းသည့် အပြုံးလေးတစ်ပွင့်လှစ်ခနဲ ပွင့်သွားသည်ကို မြင်လိုက်ရသည်။

“Fine, thank you”

(နေကောင်းပါတယ်။ ကျေးဇူးပဲ)ဟု သူပြန်ဖြေသည်။ ဖြေလို့သာ ဖြေလိုက်ရသော်လည်း ကျွန်တော်ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူ့အမြင်မှာသဲကွဲပုံမရ။

တကယ့်တော့ ညွန့်ညွန့်၏အသက်က အဲသည်လွန်ခဲ့သည့်လေးငါးနှစ်လောက်ကတည်းကပင် အနည်းဆုံးမရှိဘူးဆိုလျှင်တောင်မှ ခုနစ်ဆယ်နားကပ်ရော့မည်။ ကျွန်တော်သည်ပင် ခြောက်ဆယ်နားသီသီရွေ့ခဲ့ပြီပဲ။ အဲ့သည်တုန်းကတည်းကပင် သူ့မျက်လုံးတွေက ကောင်းစွာမမြင်ရတော့ဘူးလားထင်၏။

“sorry,I can't see your face clearly, please tell me your name”

(မင့်မျက်နှာကိုသဲသဲကွဲကွဲမမြင်ရဘူး။ မင့်နာမည်ပြောစမ်းပါဦး)ဆိုမှ ကျွန်တော်က ကျွန်တော်ဘယ်သူဖြစ်ကြောင်း ပြောပြရသည်။ သည်အခါတွင်တော့ ညွန့်ညွန့်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးတော့သည်။

“Oh,sorry my dear younger brother Ko Thin, I amglad to see you,I haven't seen you in long time ”(အောင်မလေးဟဲ့ မောင်လေးရယ်။ မတွေ့တာကြာပါရောလား၊ တွေ့ရတာဝမ်းသာလိုက်တာ)

အစ်မက ၀မ်းသာအားရပြောတော့ ကျွန်တော်လည်း ၀မ်းသာရသည်။ အစ်မက အလွန်မှတ်ဉာဏ်ကောင်းသူဖြစ်၏။ ဘယ်လမ်းထဲမှာ ဘယ်သူရှိသည်။ သူ့မိဘကဘယ်သူဘယ်ဝါ။ ဘာအလုပ်လုပ်သည်ကစ အကုန်မှတ်မှတ်မိမိရှိတတ်သည်။ ယခုလည်း လေးငါးခြောက်နှစ်ကြာအောင် မတွေ့ခဲ့ရသည့် ကျွန်တော့်ကို သူကောင်းကောင်းမှတ်မိသွားပြီဖြစ်သည်။

သည်တော့မှ အစ်မပခုံးပေါ်မှ ရွေပေါ်စာအိတ်ကို ကျွန်တော်ကယူကာ မြေကြီးပေါ်ချထားပေးပြီး ခဏလောက်စောင့်ပေးပါဟု ပြောရသည်။ ရန်ကုန်မှ မလာခင်ကတည်းကပင် အစ်မကိုကန်တော့ဖို့ ရည်ရွယ်လျက် ၀ယ်လာခဲ့သော အညာပင်နီဖျင်စဖြင့်ချုပ်သည့် အနွေးထည်ပုံစံအင်္ကျီတစ်ထည်နှင့် ချုပ်ပြီးသားထဘီတစ်ထည်ပါလာခဲ့သည်။ ကိုယ့်မှာကလည်း ဟိုအလုပ်၊ သည်အလုပ်တွေနှင့် တို့လို့တန်းလန်းမို့ အိမ်ရှေ့လမ်းမပေါ်မှာတွင်ပင် ကန်တော့လိုက်ဖို့ အိမ်ထဲပြေးပြီး အထည်အိတ်ကလေးယူရသည်။

“ဒီမှာအစ်မ၊ အစ်မ၀တ်ဖို့ အင်္ကျီလေးတစ်ထည်နဲ့ လုံချည်တစ်ထည်ပါ”

ကျွန်တော်ကပြောပြောဆိုဆိုပင် ညွန့်ညွန့်လက်ထဲ အထည်အိတ်ကလေးထည့်တော့ ညွန့်ညွန့်က ပြုံးနေမြဲအပြုံးဖြင့် ပြုံးနေရင်းကပြောသည်။

“Is it your donation? thanks alot”
(ဒါမင်းကန်တော့တာလား။ ကျေးဇူးအများကြီးတင်ပါတယ်)

တကယ်တော့ ညွန့်ညွန့်နှင့် ကျွန်တော်က အခုမှ အင်္ဂလိပ်လိုတွေ ပြောဖြစ်ကြသည်မဟုတ်။ ကျွန်တော်ငယ်စဉ် အင်္ဂလိပ်စာစတင်သင်ယူရသည့် ငါးတန်းသို့ရောက်သည့်အခါ အင်္ဂလိပ်စာအလွန်တော်သည့် ညွန့်ညွန့်အကြောင်း ကျွန်တော့်မိဘများထံမှ သိထားခဲ့ပြီးပြီမို့ ညွန့်ညွန့်နှင့် လမ်းမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာတွေ့လျှင် “Hello good morning sister”တို့ “Where do you go”တို့နှင့် စကားသင်ရင်း အင်္ဂလိပ်လိုပြောကြည့်ရတာ ကျွန်တော်က ၀ါသနာပါသလို အစ်မကလည်း လိုလိုချင်ချင်နှင့်ပင် အင်္ဂလိပ်လိုပဲပြန်ပြောတတ်သည်။ သည်ကတည်းကပင် ညွန့်ညွန့်နှင့် ကျွန်တော်က ခင်မင်ခဲ့ကြခြင်းဖြစ်၏။

“မညွန့်သီကို တက္ကသိုလ်မပို့ဖြစ်ခဲ့ကြရင် အကောင်းသားကွာ။ ခုတော့ သူ့ခမျာ ဒီပရက်ရှင်ဝင်သွားတာပေါ့။ သိပ်နှမြောစရာကောင်းတယ်”ဟု ညွန့်ညွန့်အထက်တန်းကျောင်းသူဘ၀က အထက်တန်းကျောင်းဆရာအဖြစ်နှင့် စာသင်ပြပေးခဲ့ရသူ ကျွန်တော့်အစ်ကိုက တဖွဖွပြန်ပြောဖူးသည်။

ညွန့်ညွန့်က မူလတန်းကျောင်းသူဘ၀ကတည်းကပင် စတုတ္ထတန်းစကာလားရှစ်ဆုချီးမြှင့်ခံရသူဖြစ်လျက် အလယ်တန်းရောက်တော့လည်း သတ္တမတန်း စကောလားရှစ်ဆုဆက်တိုက်ရခဲ့သည့် စာအလွန်တော်သော ကျောင်းသူတစ်ယောက်ဖြစ်သည်။

၁၉၅၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်သည့်အခါ နည်းပါးလှသည့် တက္ကသိုလ်ဝင်တန်းအောင်သူတွေထဲ၌ ညွန့်ညွန့်တစ်ယောက် ထိပ်ဆုံးမှအပါအ၀င်ဖြစ်လာခဲ့သည်။

ညွန့်ညွန့်၏မိဘများက သားသမီးကို တက္ကသိုလ်ပို့နိုင်လောက်သည်ထိ ပြည့်ပြည့်စုံစုံနှင့် ဖူလုံကြလှသည်မဟုတ်သည့်တိုင် ခြစ်ကာကုပ်ကာနှင့်ပင် သမီးလေးတစ်ယောက် ထွန်းထွန်းပေါက်ဖြစ်စေလိုစိတ်နှင့်ပင် ရန်ကုန်တက္ကသိုလ်သို့ ဆည်းဆည်းပူးပူးနှင့် ရောက်အောင်ပို့ပေးလိုက်ခဲ့ကြသည်။

အဲဒါသည်ပင် စေတနာနှင့်မှားလိုက်မိသည့် အမှားတစ်ချက်ပင်လားမသိတော့။ ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာမှအစ ကွာကွာခြားခြားရှိတတ်သည့် တက္ကသိုလ်ပရိဝုဏ်အ၀န်းအ၀ိုင်းထဲသို့ တောမြို့လေးမှာ ခြစ်ခြစ်ခြုတ်ခြုတ်၊ ခြိုးခြိုးခြံခြံဘ၀နှင့် တက်လာခဲ့ရသည့် ညွန့်ညွန့်လို တက္ကသိုလ်ဝင်တန်းအောင်ပြီးစ ကျောင်းသူငယ်လေးတစ်ယောက်၏စိတ်ထဲသို့ အားငယ်စိတ်တို့ ခြေချစပြုလာခဲ့ရသည်။

ရံဖန်ရံခါတို့၌ ခွဲခွဲခြားခြားဆက်ဆံတတ်ကြသူများနှင့် မလွှဲသာမရှောင်သာ ရင်ဆိုင်ဆက်ဆံလာရသည့်အခါများတွင်တော့ တက္ကသိုလ်ပရိဝုဏ်ကို ကျောခိုင်းကာ ထွက်ပြေးချင်စိတ်တို့ကသာ ညွန့်ညွန့်ရင်ထဲသို့ ကဆုန်ပေါက်ပြေးဝင်လာခဲ့ကြသည်။

ထို့ထက်ကား ကံတရားအကြောင်းမလှသဖြင့် မွေးကတည်းကပင်ပါလာခဲ့သော မွေးရာပါတိုဝင်နေသည့်လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် လက်ချောင်းလေးများက ညွန့်ညွန့်ကို ပတ်ဝန်းကျင်က၀ိုင်းပယ်အောင် အစပျိုးတွန်းပို့ပေးခဲ့သည့် ပင်မအကြောင်းရင်းတစ်ရပ် ဖြစ်လာခဲ့ရပြန်သည်။

သည်အကြောင်းတွေနှင့်ပင် ပထမနှစ်အောင်အပြီး၌ ညွန့်ညွန့် ကျောင်းဆက်မတက်ဖြစ်တော့။ မိခင်မုဆိုးမကြီးနှင့်အတူတကွ ဇာတိမြို့လေး၏ ဈေးလေးအတွင်းတွင် ကုန်စုံလေး မစို့မပို့ရောင်းရင်းနှင့်သာ ဘ၀ကိုမြှုပ်နှံရုန်းကန်လာဖြစ်ခဲ့တော့သည်။

လွန်ခဲ့သည့်သီတင်းကျွတ်က ဇာတိမြို့လေးသို့ ကျွန်တော် ပြန်သွားတော့ ညွန့်ညွန့်မျက်လုံးတွေက ဘာကိုမျှမမြင်ရတော့ဘူးထင်၏။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့်ရင်ထဲမှာမချိ။ မျက်စိအမြင်ကွယ်နေသည့် အသက်ခုနစ်ဆယ်ကျော် ထိုအဘွားအိုညွန့်ညွန့်မှာ ကျောပေါ်မှာ ရွေပေါ်စာအိတ်ကြီးပိုးလျက်သားနှင့် လမ်းမကြီးပေါ်မှာပင် လမ်းပျောက်ကာ တလည်လည်ဖြစ်နေသည်။ သူ့အပါးတိုင်အောင် ကျွန်တော် လျှောက်လာသည်ကိုပင် သူမမြင်တော့။

သူ့လက်ကလေးကို တယုတယကိုင်ကာ လမ်းရှိရာဦးတည်ပေးရင်း “Hello, dear my sister, how are you”

ယခင်ကလို ကျွန်တော်နှုတ်ဆက်နေကျအတိုင်းနှုတ်ဆက်တော့ ပူလောင်လွန်းလှသည့် သီတင်းကျွတ်နေထန်းတစ်ဖျားကြောင့် အရေတွန့်တွန့်ပါးပြင်ပေါ် စီးကျလာနေသည့် ချွေးစီးကြောင်းတွေကြားထဲမှာ ညွန့်ညွန့်ပြုံးသည်။

“အစ်မသိတယ်။ မင်းအသံကို အစ်မမှတ်မိတယ်။ မင်း မောင်သင်းမဟုတ်လား။ ဘယ်တုန်းက ပြန်လာတာလဲ။ မချိုရော၊ ကလေးတွေရော နေကောင်းကြရဲ့လား”

ညွန့်ညွန့်က ကျွန်တော့်ဇနီးကိုရော၊ ကလေးတွေကိုပါ မှတ်မှတ်ရရ မေးနေသည်။ သူသည် တစ်ခါ ကျွန်တော့်ကို အင်္ဂလိပ်လိုပြန်မပြောတော့။ ယခုသုံးလေးနှစ်အတွင်း ရင်ဆိုင်ခဲ့ရသည့် ဘ၀အထုအထောင်းတွေနှင့် ပို၍၊ ပို၍အိုမင်းလာသော ဦးနှောက်မှတ်ဉာဏ်တွေကြောင့် မေ့မေ့လျော့လျော့ ဖြစ်ကုန်တာများလား ထင်မိသည်။ ဘာကြောင့် အင်္ဂလိပ်လိုမပြောတော့တာလဲဟုတော့ဖြင့် သူ့ကိုမေးမနေနိုင်တော့။ သူ့အမေးစကားကို ပြန်ဖြေနိုင်ဖို့ကိုပင် ကျွန်တော့်လည်ချောင်းဝထဲမှာ နင်နေသလို ခံစားရသည်။

ကျွန်တော် ညွန့်ညွန့်ကိုကန်တော့ဖို့ ကျွန်တော့အင်္ကျီအိတ်ကပ်ထဲနှိုက်မိတော့ ကြွယ်ပိုးကြွယ်ဝမဟုတ်သည့် ကျွန်တော့်လက်ထဲကို ပိုက်ဆံလေးသုံးထောင်သာပါလာသည်။ ပါလာသမျှလေးနှင့်ပင် အစ်မကို ကန်တော့လိုက်ရသည်။

ယခုတော့ အဲ့သည် ကျွန်တော့်အစ်မညွန့်ညွန့်မျက်လုံးတွေ ပြန်မြင်ရသွားပြီတဲ့။

သီတဂူသဲကုန်းဆရာတော်ကြီး၏ကျေးဇူးတော်ဖြင့် သဲကုန်းမြို့အ၀င်တွင် ယခုဖေဖော်ဝါရီ ၁၄ ရက်ကမှ ဖွင့်လှစ်ခဲ့သော အသစ်စက်စက် “သီတဂူရွှေဥရာစုသစ်စက္ခုဒါနဆေးရုံ”၏ ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံအနှံ့မှ မျက်စိလူနာပေါင်း ၄၀၀၀ ကျော်ကို စစ်ဆေးကာ လူနာပေါင်း ၅၅၀ ကို ခွဲစိတ်ကုသပေးခဲ့သဖြင့် ပြန်၍အလင်းရခဲ့ကြသည့်အထဲ၌ ညွန့်ညွန့်သည်လည်း တစ်ယောက်အပါအ၀င်ဖြစ်ကာ နှစ်ပေါင်းများစွာ အမှောင်ဖုံးနေခဲ့ရာမှ အလင်းပြန်ရသွားပြီတဲ့။ စောစောလေးကမှ ကျွန်တော့်ထံ ဖုန်းဝင်လာသည်။

မျက်စိအကြည်ဓာတ် ပျောက်ဆုံးနေကြရာမှ အလင်းပြန်ရသွားခဲ့ကြသော ညွန့်ညွန့်အပါအ၀င် လူနာပေါင်း ၅၅၀ ကတော့ မည်မျှဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ကြလေမည်မသိ။

ကျွန်တော်ကတော့မူ အစ်မအရင်းကဲ့သို့ ချစ်ခင်ရသော အစ်မကြီးညွန့်ညွန့်အတွက် အတိုင်းအဆမရှိသော မုဒိတာပီတိမျက်ရည်များဖြင့် သာဓုအကြိမ်ကြိမ်ခေါ်မိရသည်။

သို့သော်. . .ညွန့်ညွန့်၏ နောက်ဆုံးလက်ကျန်ဘ၀အချိန်လေးအတွက် လှမ်းမျှော်ကြည့်မိတော့ ဘယ်လိုခရီးဆက်ရမည် မရေရာသေးသည့် လူအိုတစ်ယောက်၏ ဘ၀နေ၀င်ချိန်ကမူ ရင်မောစရာတွေနှင့် အပြည့်ရှိနေဆဲပင်။

ဓာတ်ပုံ- ပူတူး (ရွှေသဲမြေ)

7Day News Journal