သတိ ... ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်

ပို့စ်တင်ချိန် - 2/08/2014 01:31:00 PM


"...ပျင်းတဲ့လူ အတော်များများဟာ ကိုယ်ပျင်းနိုင်ဖို့ သူများကို မှီခိုပြီး အပျင်းကြောဆွဲ နေတတ်ပါတယ်..."



သေချာတယ်၊ စိတ်ချလိုက် တို့လူငယ်
(ပျင်းပျင်းရိရိ ပြင်းပြင်းပြပြ ဘ၀အောင်မြင်ရေးစာစု - ၅)

ပျင်းတတ်တဲ့ တို့လူငယ်တွေ ပျင်းပျင်းနဲ့ စကားလေးတချို့ ပြောပြပါမယ်။ အဲဒါကတော့ Don't depend too much on anyone in this world. Because even your shadow leaves you, when you are in darkness. ဆိုတဲ့ စကားပါ။

ပျင်းတဲ့လူ အတော်များများဟာ ကိုယ်ပျင်းနိုင်ဖို့ သူများကို မှီခိုပြီး အပျင်းကြောဆွဲ နေတတ်ပါတယ်။ ကိုယ်ပျင်းတာ အတွက် ကိုယ့်တာဝန် ကိုယ်ယူပြီး ပျင်းတတ်ကြဖို့ လိုတယ်။ အထက်ပါ စကားရဲ့ အဓိပ္ပာယ်က “သူများကို အလွန်အကျူး မမှီခိုပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့ အရိပ်တောင်မှ ကိုယ်အမှောင်ထဲ ရောက်နေချိန် မှာ ကိုယ့်ကို ထားရစ်ခဲ့တယ်လေ” တဲ့။

ဟုတ် မဟုတ် ပျင်းပျင်းနဲ့ စဉ်းစားကြည့်ကြစမ်းပါ။ ကိုယ်က သူများကို မှီခိုနေရသူဟာ ကိုယ်ပိုင်ဘ၀ မရှိကြဘူးလေ။ ကိုယ်ပိုင်ဘ၀ မရှိသူက ဘယ်လိုလုပ်ပြီး ကိုယ့်ဘ၀ကို မြင့်မားအောင် မြှင့်တင်နိုင်မှလဲ။ ကိုယ့်ဘ၀ကို မြင့်ချင်တယ်၊ မြှင့်တင်ချင်တယ် ဆိုရင်…၊ ရည်ရွယ်ချက်ကြီးမားမယ် ဆိုရင် ကိုယ့်ဘ၀ကို ကိုယ်ပိုင်မှ ဖြစ်မယ် မဟုတ်လား။ သူများ နှာခေါင်း အသက်အငှားရှူရသလိုမျိုး မသေမချာနဲ့ မှီခိုနေရရင်တော့ ဘ၀မှာ ဘယ်လိုမှ အောင်မြင်ဖို့ ဖြစ်လာမှာ မဟုတ်ဘူး။

ပြီးတော့ ကိုယ့်ရဲ့ အရိပ်ဆိုတာတောင် ကိုယ် အမှောင်ရိပ်ရောက်နေရင် ကိုယ့်ကို ထားရစ်ခဲ့သေးတယ် မဟုတ်လား။ ကိုယ်ဘယ်သွားသွား လိုက်ပါတတ်တယ် ဆိုတဲ့ အရိပ်ကတောင် ဒီသဘော ရှိနေရင်း ကိုယ်က သူများကို မှီခိုနေသူက ကိုယ့်ကို အချိန်မရွေး ထားရစ်ပစ်သွားနိုင်တယ် မဟုတ်လား။ ဒီသဘောကို စေ့စေ့တွေးကြည့်ပါ။

ဒါကြောင့် နောက်ထပ် စကားလေး တခွန်း ထပ်ပြောချင်ပါတယ်။ အဲဒီစကားက You can't change what is going on around you until you start changing what is going on within you. တဲ့။

ဆိုလိုတာက သင့်ကိုယ် သင် မပြုပြင် မပြောင်းလဲနိုင်သရွေ့တော့ သင့်ဘေးက အရာတွေကို ဘယ်လိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး တဲ့။ ဒီစကားက ဗုဒ္ဓဟောကြားခဲ့တဲ့ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ စကားနဲ့ လည်း ကိုက်ညီမှု ရှိတယ် ဆိုတာ တွေ့နိုင်တယ်။ အရာရာဟာ ကိုယ်သာမူလ ပါ။ ကိုယ်သာ အဓိက ပါ။

ဒီတော့ ကိုယ့်ဘ၀ ကိုယ့်မျှော်လင့်မှုအတွက် အဓိကကျတဲ့ သူဟာ ကိုယ်ကိုယ်တိုင်ပဲ ဆိုတာ တွေ့နိုင်တယ်။ ဒီတော့ ပျင်းတတ်တဲ့ တို့လူငယ်တို့ရေ.. ကိုယ်ပျင်းတာက သူများကို မှီခိုနေဖို့ မဟုတ်၊ ကိုယ့်အောင်မြင်မှုအတွက် ကိုယ်တိုင် စိတ်အတွေး အကြံတွေကို အားကောင်းအောင် စဉ်းစားဖို့ပဲဆိုတာ ပြောပြလိုက်ပါတယ်။

အရေးအကြီးဆုံး သတိပြုရမှာက အပျင်းတတ်ဖို့ စာစုလေးတွေ ဖြစ်လို့… ပျင်းရုံသက်သက် မဟုတ်ဘဲ ပျင်းပျင်းနဲ့ အတွေးစိတ်ကူးကို ခိုင်မာစေဖို့ ဖြစ်တယ် ဆိုတာပဲ။ ပြီးတော့ အဲဒီ အတွေးစိတ်ကူးကို လက်တွေ့နဲ့ ဆက်စပ်ပြီး ယူနိုင်ရင်… အောင်မြင်ဖို့ အတွက်  သေချာတယ် စိတ်ချလိုက်… တို့လူငယ် လို့ ပျင်းပျင်းနဲ့ ပြောပြလိုက် တာပါ။

ပျင်းတဲ့
 
နိုင်စွမ်း
The Irrawaddy