မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကမ္ဘာ့ဘဏ် ကန်ဒေါ်လာ ၃၁ သန်းခွဲချေးမည်

ပို့စ်တင်ချိန် - 2/08/2014 07:52:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တယ်လီဖုန်း ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှု နိမ့်ကျသော နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ကမ္ဘာ့ဘဏ် အုပ်စုအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) က အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်း ထုတ်ချေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု အမှုဆောင် ဒါရိုက်တာအဖွဲ့က သတင်းထုတ်ပြန်သည်။

ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဈေးကွက်တစ်ခု ပေါ်ပေါက်ရန် လိုအပ်သည့် မူဝါဒများနှင့် စည်းကမ်း စည်းမျဉ်းများ ရေးဆွဲနိုင်ရေးအတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြေညာလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ လူတန်းစားများ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်မည့် အရေးကြီးသည့် စီမံကိန်း တစ်ခုဖြစ်ပြီး ယင်းကဏ္ဍတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဝန်ဆောင်မှု အားနည်းခြင်းစသည့် အခက်အခဲများ ရှိနေကာ အဆိုပါ အခက်အခဲများကို အခြေခံ လူတန်းစားများနှင့် ဝေးလံခေါင်ဖျားသည့် ဒေသ များရှိ ပြည်သူများက ပိုမိုခံစားနေရကြောင်း ကမ္ဘာ့ဘဏ် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau ကပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ချေးငွေများ ထုတ်ချေးသည်မှာ ကောင်းမွန်သော်လည်း အစိုးရအနေနှင့် ယင်းချေးငွေများကို အသုံးပြု၍ အကောင်အထည် ဖော်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များ ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်မ် မြန်မာနိုင်ငံကို လာရောက်စဉ် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ပံ့ပိုးအသုံးပြုမည် ဖြစ်ကြောင်း ပြောကြားထားသည်။

The Voice Weekly