ဓမ္မစေတီ ခေါင်းလောင်းကြီးအား ရှာဖွေနေဆဲ ဖြစ်ပြီး အမှန်တကယ် ရှာဖွေတွေ့ရှိခြင်း မရှိသေး

ပို့စ်တင်ချိန် - 2/08/2014 01:25:00 PM



နှစ်ပေါင်း (၄ဝဝ) ကျော် ပျောက်ဆုံး နေသည်ဟု ယူဆထားသော ဓမ္မစေတီ ခေါင်းလောင်းကြီးအား မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ သာကေတ ကမ်းလွန် ရေနံ အခြေစိုက် စခန်းဝင်း အရှေ့မြောက်ထောင့် ချောင်းလက်တက် အနီး၌ တူးဖော် ရှာဖွေမှု ပြုလုပ်နေကြောင်း သာကေတ ကမ်းလွန် ရေနံအခြေစိုက် စခန်းမှ သတင်း ရရှိသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ကျိုက်ထီးဆောင်း ဆရာတော်၏ ဦးဆောင်မှုဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ တူးဖော် စမ်းသပ် ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဓမ္မစေတီ ခေါင်းလောင်း တူးဖော် ရှာဖွေရာတွင် ပါဝင်သူ ကျိုက်ထီးဆောင်း ဆရာတော်၏ တပည့်တစ်ဦးက ပြောကြားသည်။

အွန်လိုင်း မီဒီယာတွင် ပျံ့နှံ့နေသည့် ပြာသိုလပြည့်ကျော် (၄)ရက် တွင် ခေါင်းလောင်းကြီးကို စတင် တွေ့ရှိသည် ဆိုသော သတင်းပျံ့နှံ့မှုနှင့် ပတ်သက်ပြီး "စမ်းသပ်ရှာဖွေမှု အဆင့်ပဲ ရှိပါသေးတယ်။ တူးဖော်တွေ့ရှိတာ မရှိသေးပါဘူး။ တွေ့ရင်တော့ ကျွန်တော်တို့က သတင်း ထုတ်ပြန်မှာပါ။ တွေ့တယ်ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတာတွေ၊ ထင်မြင် ယူဆချက်ဆွဲပြီး ရေးသား နေတာတွေ လုံးဝ မဟုတ်ပါဘူး"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးအား ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံ စေတီတော်သို့ သွန်းလုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ၁၆ ရာစုတွင် ပေါ်တီဂီလူမျိုး ဒီဗရစ်တို (ခေါ်)ငဇင်ကာက ခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီ ကုန်းတော်ပေါ်မှ နေ၍ ယူဆောင်ခဲ့ရာ ရန်ကုန်မြို့နှင့် သန်လျင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ် သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခေါင်းလောင်းတော်ကြီးမှာ ယခုထက်တိုင် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေရန်အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ သာကေတ ကမ်းလွန် ရေနံအခြေစိုက်စခန်းမှ ဌာနပိုင်မြေ ပေ ၂၀၀ ပတ်လည်ခန့်အား ရှာဖေခွင့် တောင်းသောကြောင့် ခွင့်ပြု ပေးထားကြောင်း အထွေထွေ မန်နေဂျာ ဦးကျော်ဉာဏ်ထွန်းထံမှ သိရသည်။

ဦးကျော်ဉာဏ်ထွန်းက "ရှာဖွေ ခွင့်ပြုလိုက်တဲ့ မြေနေရာကလည်း ကျွန်တော်တို့ သာကေတ ကမ်းလွန်ရေနံ အခြေ စိုက်စခန်းထဲမှာ ပါဝင်တဲ့ ချုံနွယ်ထူထပ်ပြီး အသုံးမပြု နိုင်သေးတဲ့ မြေနေရာပါ။ ကျွန်တော်တို့ ဘက်က ထောက်ပံ့တာ ဘာမှမရှိသလို ရှာဖွေမှုမှာလည်း ၀င်ရောက် စွက်ဖက်မှု မရှိပါဘူး"ဟု ပြောကြားသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေနေမှုနှင့် ပတ်သက်၍ ကျိုက်ထီးဆောင်း ဆရာတော်က သိပ္ပံနည်းဖြင့်လည်း ရှာဖွေမည်။ ဝိဇ္ဇာနည်းဖြင့်လည်း ရှာဖွေမည်။ ကုန်းပေါ်မှာလည်း ရှာဖွေမည်။ ရေထဲမှာလည်း ရှာဖွေမည်ဟု မိန့်ကြားထားပြီး ရှာဖွေနေဆဲ အဆင့်သာ ဖြစ်သောကြောင့် လတ်တလော အသေးစိတ် သတင်းထုတ်ပြန်မှု မရှိကြောင်း ဆရာတော်၏ တပည့်တစ်ဦး က ပြောကြားသည်။

"စဉ်းစားကြည့်ရင်တော့ သုဝဏ္ဏတို့ တာမွေတို့ကလည်း အရင်တုန်း က မြစ်ကြောင်း ဖြစ်ခဲ့နိုင်တာပဲလေ။ အရင်က စာပေတွေထဲမှာ ဆိုရင် ရွှေတိဂုံစေတီတော်က ဆင်းလာရင် သင်္ဘောဆိပ်ကို လမ်းလျှောက် ဆင်းလို့ ရတယ်။ ဒီတော့ မြစ်ကြောင်း ပြောင်းသွား တာ ဖြစ်နိုင်တယ်။ ဒီခေါင်းလောင်းတော်ကြီးကို ရှာခဲ့ကြတဲ့ နှစ်ပေါင်းကလည်း မနည်းဘူး။ ရှာဖွေမှုအားလုံးက ရေထဲမှာပဲ ရှာခဲ့ကြတာပါ"ဟု ဦးကျော်ဉာဏ်ထွန်း က ခေါင်းလောင်းကြီး ရှာဖွေမှုအပေါ် ၎င်း၏ အမြင်ကို ပြောကြားသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ဇောက် ၁၂ တောင်၊ အဝ ခုနစ်တောင်ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ် ဖောင်းရစ် တွင် နှစ်ကျိပ်ရှစ်ဆူ ပါသော ဖောင်းကြွဘုရား ၂၈ ဆူပါပြီး ၎င်း၏ အပေါ် ဘက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား ၄၅ လုံးပါရှိသော အတွဲ ၄၅ တွဲ၊ အတန်း နှစ်တန်းပါရှိသဖြင့် စုစုပေါင်း ကျောက်သံပတ္တမြား ပေါင်း ၄၀၅၀ လုံးပါရှိကြောင်း ဦးစံလင်း ရေးသားသည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်းတွင် ဖော်ပြထားသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် (၁၂)ကြိမ် တိုင်တိုင် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ အကယ်၍ ဓမ္မစေတီ ခေါင်းလောင်းကြီး အား ပြန်လည် ရှာဖွေ တွေ့ရှိမည်ဆိုပါက အဆိုပါ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးအဖြစ် ဂင်းနစ်စံချိန်တင် မှတ်တမ်းဝင် မည် ဖြစ်သည်။

MOI Webportal Myanmar