ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ချီးမြှင့်ခံရ

ပို့စ်တင်ချိန် - 2/13/2014 05:44:00 PM

ဓါတ်ပုံ- အင်တာနက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကနေဒါနိုင်ငံ အခြေစိုက် British Columbia တက္ကသိုလ်က မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်အား Honorary Professorship (ဂုဏ်ထူးဆောင် ပါမောက္ခ) ရာထူးကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ချီးမြှင့် အပ်နှင်းလိုက်ကြောင်း ယင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“ပညာရေးနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေမှာ ဆရာ ဆောင်ရွက်ခဲ့တာတွေကြောင့် အခုလို ချီးမြှင့်တာပါ” ဟု ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က The Voice သို့ ပြောကြားသည်။

အဆိုပါ တက္ကသိုလ်က ၎င်းအား ယင်းကဲ့သို့ ဂုဏ်ထူးဆောင် ပါမောက္ခ ချီးမြှင့်ခန့်အပ်မှုနှင့်အတူ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်သွားရန် အစီအစဉ်များလည်း ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ British Columbia တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ နှစ်ဦးသည် မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် CSR (Corporate Social Responsibility) နှင့် စပ်လျဉ်း၍ စီးပွားရေး ကုမ္ပဏီများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံပြီး ဟောပြော ဆွေးနွေးပွဲများ ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူးဆောင် ပါမောက္ခရာထူး ချီးမြှင့် အပ်နှင်းမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်၌ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများကို ပို့ချဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်သည် ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တွင်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အီတလီနိုင်ငံ တုရင်မြို့ရှိ ကုလသမဂ္ဂ အရာထမ်း သင်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံး အကြီးတန်း အကြံပေးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်တို့တွင် ဂုဏ်ထူးဆောင် ပါမောက္ခတို့အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

The Voice Weekly