မိုးကုတ်ရွှေဆိုင် ဓားပြမှု မသင်္ကာသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အမှုဖော်ထုတ်နိုင်ရန် နီးစပ်နေပြီဟုဆို

ပို့စ်တင်ချိန် - 2/04/2014 07:05:00 PM

ဓားပြတိုက်ခံခဲ့ရသော မိုးကုတ်မြို့ရှိ နဂါးရွှေဆိုင်ကိုတွေ့ရစဉ် ဓာတ်ပုံ - မောင်တာ

မိုးကုတ်ရွှေဆိုင် ဓားပြမှုနှင့်ပတ်သက်၍ မသင်္ကာသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အမှုဖော်ထုတ်နိုင်ရန် နီးစပ်နေပြီဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

““မသင်္ကာသူ နှစ်ယောက်ကို စစ်ဆေးနေပါတယ်။ သက်သေခံ တွေတော့ မရသေးပါဘူး။ တစ် ယောက်က ၀န်ခံတယ်။ တစ် ယောက်ငြင်းနေပါတယ်”” ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

မသင်္ကာသူနှစ်ဦးကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ မိုးကုတ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး တိုင်းရင်းသားများမဟုတ်ဘဲ ဗမာလူမျိုးများဖြစ်ကြောင်း၊ တစ်ဦးကို တစ်နိုင်းရွှေမှော်ဘက်မှ ဖမ်းမိခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ မိုးကုတ်ဒေသခံဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။

““မြို့ခံသက်သေတွေပါ ခေါ်ယူစစ်ဆေးနေပါတယ်။ ခိုင်မာသေချာအောင် လုပ်နေပါတယ်။ အမှုကို ဖော်ထုတ်နိုင်ဖို့တော့ နီးစပ်လာပါပြီ”” ဟု မိုးကုတ်မြို့မ ရဲစခန်းမှ ဒု-ရဲအုပ် မင်းအားမာန်စိုးက ပြောသည်။

လက်ရှိအချိန်တွင် သက်သေတစ်စုံတစ်ရာ မတွေ့ရှိရသေးသည့်အတွက် လွဲချော်မှုများမဖြစ်စေရန် ကိုင်တွယ်စစ်ဆေးနေသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကလည်း ပြောသည်။

ဇန်န၀ါရီ ၂၁ ရက် နေ့လယ်ပိုင်းက မိုးကုတ်မြို့ အောင်ချမ်းသာဈေးအတွင်းရှိ မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် နှစ်ဆိုင်အား နေ့ လယ် ၂ နာရီက ဆိုင်ကယ်စီးလာသူခြောက်ဦးမှ လက်လုပ် ပစ္စတိုသေနတ်များဖြင့် ၀င်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းရွှေဆိုင်နှစ်ဆိုင်မှ ရွှေနှင့် လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း ခြောက်ပိဿာခန့် ပါသွားပြီး ဓားပြတိုက်သူများ၏ ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တရားခံများ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

Author:  မောင်တာ
7 Day Daily