မလေးတွင်လုပ်ကြံခံရမှု တရားခံမပေါ်ပေါက်ပါက လွှတ်တော်မှတစ်ဆင့် အကြောင်းကြားမည်

ပို့စ်တင်ချိန် - 2/20/2014 04:15:00 PM


ဟိန်းကိုစိုး|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

မလေးရှားနိုင်ငံတွင် ရခိုင်တိုင်ရင်းသားခေါင်းဆောင်အချို့ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရမှုနှင့် ပတ်သက် ပြီး အမှုမှန် မပေါ်ပေါက်ပါက မြန်မာနိုင်ငံလွှတ်တော်မှတစ်ဆင့် မလေးရှားလွှတ်တော်သို့ ဆောင်ရွက် ပေးနိုင်ရေးအတွက် အကြောင်းကြားသွားမည်ဟု ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ အပါအ၀င် ခြောက်ဦးတို့ သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ဖေဖော်ဝါရီလ ၆ရက် ည ၁၁နာရီ ၂၅ မိနစ်က တည်းခို သည့် ဟိုတယ်သို့အပြန်တွင် သေနတ်သမားများ၏ လိုက်လံပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

“မလေးရှားက ရာဇ၀တ်မှု စုံစမ်းနေတာကို စောင့်နေတယ်။ အခုထိတော့ဘာမှ မသိရသေးဘူး။ Delay (နှောင့်နှေး) ဖြစ်နေရင် ကာလတစ်ခုထိ မထူးရင်တော့ မြန်မြန်အမှုပေါ် စုံစမ်းမှုတွေလုပ်နိုင်အောင်လို့ လွှတ်တော်ကနေတစ်ဆင့် အကြောင်းကြားနိုင်အောင်လို့တော့ ဆောင်ရွက်နိုင်တယ်”ဟု ဒေါက်တာအေး မောင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အပေါ် လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မလေးရှားနှင့် မြန်မာလွှတ်တော်ကော်မ တီက ဆောင်ရွက်နိုင်ရေးအတွက် ၎င်းကိုယ်ကိုယ်တိုင်လာရောက်၍ လွှတ်တော်တွင် တင်ပြမှသာလျှင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ဟု အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။

“ဒေါက်တာအေးမောင်ကိုယ်တိုင်က လွှတ်တော်ကို အသိပေးရမယ်။ ဥက္ကဋ္ဌက ဆုံးဖြတ်ပြီး တာဝန်ပေးတဲ့ အခါမှာ ဆောင်ရွက်နိုင်မယ်။ အခုထိတော့ မတင်လာသေးဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည့် အရှေ့တောင်အာရှ ပါလီမန်များ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်နိုင်သည်။

Mizzima Burmese