င၀န်မြစ်၌ လက်ထိတ်ဖြင့် သေဆုံးခဲ့သည့်အမျိုးသမီးအမှု အဓိကတာဝန်ရှိသူဒုရဲအုပ်အား ထောင်ဒဏ်တစ်နှစ်ချမှတ်

ပို့စ်တင်ချိန် - 2/20/2014 08:51:00 PM



မျိုးမင်းထွန်း(မြစ်မခ)၊ ပုသိမ်၊ ဖေဖော်ဝါရီ-၁၉

ပုသိမ်မြို့တစ်ဖက်ကမ်းသင်္ဘောကျင်းရဲစခန်း၌ ရွှေပျောက်မှုတစ်ခုနှင့် ပတ်သက်၍ မသင်္ကာတရားခံအဖြစ်ဖမ်းဆီးစစ်ဆေးရာတွင် လက်ထိတ် ခတ်လျက် ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီးအမှုတွင် အဓိကတာဝန်ရှိသူ ဒုရဲအုပ်အား ထောင်ဒဏ်တစ်နှစ် ချမှတ်ပြီးစခန်းမှူးဖြစ်သူကိုပြင်းထန်စွာ
ပြစ်တင်ရှုတ်ချကြောင်း အမိန့်စာကိုပေးပို့ခဲ့သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်တွင် လက်ထိတ်တန်းလန်းဖြင့် င၀န်မြစ်အတွင်း အလောင်းပေါ်မှုအတွက် ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ တာဝန်ရှိ ရဲဝန်ထမ်းငါးဦးအနက် တပ်ကြပ်ကြီးကြည်လင်း၊ တပ်ကြပ်နေထွန်း၊ တပ်ကြပ်ကျော်လင်းနိုင်နှင့် ဒုတပ်ကြပ်ဇော်မင်းထွန်းတို့အား ရာထူးတစ်ဆင့်စီလျှော့ချ၍ နိုဝင်ဘာ ၅ ရက်က ပြန်လွှတ်ပေးခဲ့ပြီး အဓိကတာဝန်ရှိသည့် ဒုရဲအုပ်နိုင်
အောင်ကျော်အား အရာရှိအဆင့် ဖြစ်နေသည့်အတွက် ဒီဇင်ဘာလ အတွင်းက သီးခြားအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

" ရဲလေးဦးကိုတော့ အမိန့်ချပြီးပြီ။ ရာထူးတစ်ဆင့်လျှော့ ပြစ်ဒဏ်နဲ့
ပြန်လွှတ်ပေးခဲ့တယ်။ ဒုရဲအုပ်နိုင်အောင်ကျော်ကျတော့ အဓိကတာဝန် လည်းရှိတဲ့ အရာရှိအဆင့်လည်းဖြစ်တယ်။ ရဲမှာက အရာရှိနဲ့ တခြားအဆင့် နဲ့မတူဘူး။ အမိန့်ချလည်း ရောမချဘူး။ဒါကြောင့်သူ့ကိုသီးသန့်အမိန့်ချရတာ "
ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောဆို သည်။

ထို့ပြင် မြန်မာနိုင်ငံရဲချုပ်က သင်္ဘောကျင်းစခန်းမှူးအား နိုဝင်ဘာလ အတွင်းက " လက်အောက်ငယ်သားများ အားကောင်းမွန်စွာ မကွပ်ကဲသည့်
အတွက်ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း "အမိန့်စာဖြင့် ထုတ်ပြန်ကြေ ညာခဲ့ကြောင်း သိရသည်။

လက်ထိတ်သုံးစုံဖြင့် ရေနစ်သေဆုံးခဲ့သော ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု၊
သပြေပင်ကျေးရွာနေ (၂၇) နှစ်အရွယ် အမျိုးသမီးရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးအား ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်က
မြန်မာနိုင်ငံရဲချုပ် အမိန့်ဖြင့် ဖမ်းဆီးခဲ့ရာမှ အချိန်ရှစ်လကျော်အကြာတွင် ရဲချုပ်မှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သူ အမျိုးသမီးသည် တစ်ရွာတည်းနေ မိသားစုတစ်စုမှ ရွှေ ၁၀ ကျပ်သား ပျောက်ခဲ့ခြင်းအတွက် ရဲများကဖမ်းဆီးသွားပြီးနောက် ရဲစခန်း
တွင်တစ်ပတ်ကြာအောင်ချုပ်နှောင် စစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ်ဇွန်လ ၁၇ ရက် ညပိုင်းတွင် ပုသိမ်မြို့ ကြက်တန်းကူးတို့ ဆိပ်အနီး၌ ရဲများရှေ့မှာပင် လက်ထိတ်တန်းလန်းဖြင့် ရေထဲသို့ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

ရေထဲသို့ပြုတ်ကျပြီး နှစ်ရက်ခန့်အကြာ ဇွန် ၁၉ ရက်တွင် င၀န်မြစ်အတွင်းမှ ၎င်း၏အသက်မဲ့နေသော ရုပ်အလောင်းပေါ်လာခဲ့ပြီး တာဝန်ရှိသူများက ဆယ်ယူခဲ့ရာ အလောင်းတွင် လက်ထိတ်သုံးစုံခတ်လျက်သား အနေ အထားဖြစ်နေခဲ့ရာမှ ပုသိမ်မြို့ခံများအကြား ပျံ့နှံ့သွားခဲ့ပြီး မီဒီယာများမှ တစ်ဆင့်ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီးနောက် ထိုအမှုကို ပြည်ထဲရေးဝန်ကြီး
ကိုယ်တိုင်ကိုင်တွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။

ယခုအခါ ဇနီးဖြစ်သူနှင့်အတူ အဖမ်းခံခဲ့ရသော ကိုနန်းဝင်းအားပုသိမ်ထောင် ၌ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး ပုသိမ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်
နေရကာ အမှု၏ အဓိကသက်သေခံ ပစ္စည်းဖြစ်သည့် ရွှေထည်များကိုမူ ယနေ့တိုင်ရှာဖွေတွေ့ရှိခြင်းမရှိသည့်အတွက် တရားရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းနိုင်ခြင်းမရှိသေးပေ။

" သက်သေခံပစ္စည်းလည်း အခုချိန်ထိမပြနိုင်တော့ ဒီတစ်ခေါက် ရုံးချိန်း ကျရင်တော့ အာမခံအတွက် လျှောက်ထားသွားမယ်။ သူ့ကိုကြည့်ရတာ
ကျန်းမာရေးလည်း သိပ်မကောင်းတော့ အာမခံ အမြန်ဆုံးရအောင်တော့
ဆောင်ရွက်သွားမှာပါ " ဟု ကိုနန်းဝင်း အမှု၏ ရှေ့နေ ဦးမြင့်သိန်းက
ပြောဆိုသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ