ယတြာချေရန် သက်ဆင်၏ဇနီး မြန်မာနိုင်ငံရောက်ရှိ ဆိုသည့်သတင်း မှားယွင်းဟုဆို

ပို့စ်တင်ချိန် - 2/17/2014 02:04:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ဇနီးဖြစ်သူ Pojaman Na Pombejra သည် ခင်ပွန်းဖြစ်သူအတွက် ယတြာချေရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဆိုသည့် သတင်းမှာ လုံးဝမှားယွင်းကြောင်း သက်ဆင်၏ သားဖြစ်သူ ပန်သောင်တေးရှင်နာဝပ်၏ ပြောကြားချက်ကို ကိုးကား၍ The Nation သတင်းစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဇနီးဖြစ်သူ Pojaman Na Pombejra သည် ခင်ပွန်းဖြစ်သူ ထိုင်းနိုင်ငံသို့ ပြည်တော် ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ နက္ခတ္တဗေဒပညာရှင် စံဇာဏီဘိုထံတွင် ယတြာချေရန် ရောက်ရှိနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်တွင်းပြည်ပ သတင်းမီဒီယာများတွင် ရေးသား ဖော်ပြနေမှုကို ပန်သောင်တေးရှင်နာဝပ်က ယင်းသို့ တုံ့ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပန်သောင်တေး ရှင်နာဝပ်က ၎င်း၏ မိခင်မှာ ပြီးခဲ့သည့် ၅ နှစ်ခန့်က ဖခင်သက်ဆင်ရှင်နာဝပ်နှင့် ကွာရှင်းခဲ့ပြီး ဖြစ်ကြောင်း၊ ကွာရှင်းပြတ်စဲပြီး နောက်တွင် ၎င်း၏ဖခင်နှင့် မိခင်တို့ တစ်ကြိမ်မှ ပြန်လည် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု The Nation တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဇနီးတို့သည် မြန်မာနိုင်ငံရှိ ထင်ရှားသော နက္ခတ္တဗေဒ ပညာရှင် စံဇာဏီဘိုနှင့် တွေ့၍ ပြည်တွင်း မငြိမ်သက်မှုများ၊ ပြည်တော်ပြန်မည့်ကိစ္စများ အပါအဝင် စီးပွားရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ယတြာချေရန် ရောက်ရှိနေသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် သက်ဆင်နှင့် ဇနီးတို့သည် ရန်ကုန်မြို့ရှိ ကမ္ဘာအေး ဘုရားဝင်းအတွင်း၌ ယတြာများ ပြုလုပ်နေသည်ကို တွေ့ရှိ ခဲ့ကြောင်း ပြည်တွင်း ပြည်ပသတင်းမီဒီယာ အချို့တွင် ရေးသားဖော်ပြခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ အကုသိုလ်များ၊ မကောင်းသည့်ကံများ ပပျောက်သွားရန်အတွက် မြန်မာနိုင်ငံတွင် အလှူအတန်းများ ပြုလုပ်ရန် ရောက်ရှိနေသည်ဟု ဖေ့အ်ထိုင်းပါတီ လွှတ်တော် ကိုယ်စာလှယ် တစ်ဦးဖြစ်သည့် Somchai Sawaengkarn ၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲသည့် ၂၀၁၂ ခုနှစ် အတွင်းကလည်း မြန်မာနိုင်ငံသို့ ကိုယ်ပိုင် ခရီးစဉ်အဖြစ် သုံးရက်ကြာ ရောက်ရှိလာခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

သက်ဆင်သည် အဆိုပါ ခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့လာခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။

အလားတူပင် ၂၀၁၃ ခုနှစ်အတွင်းက ပြင်ဦးလွင်မြို့သို့ အလည်အပတ်နှင့် အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
The Voice Weekly