ကျားသစ်တစ်ကောင် ဝင်လာသဖြင့် အိန္ဒိယမြို့ကလေးတွင် အုတ်အော်သောင်းတင်းဖြစ်၊ ကျောင်းများ ပိတ်ထားရ

ပို့စ်တင်ချိန် - 2/26/2014 08:38:00 PM



နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅

အရွယ်ရောက်ပြီးသော ကျားသစ်တစ်ကောင် အိန္ဒိယနိုင်ငံ မီရတ်မြို့အတွင်းသို့ ဝင်ရောက်လာပြီး လွတ်မြောက်နေသဖြင့် လူအများ ကြောက်ရွံလျက်ရှိကာ ကျောင်းများ ပိတ်ရသည်အထိ ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ဖမ်းမိနိုင်သေးခြင်း မရှိကြောင်း BBC သတင်းက အရာရှိများကို ကိုးကားလျက် ဖော်ပြထားသည်။

နယူးဒေလီမြို့တော်မှ ၂ နာရီကြာ ကားမောင်း သွားရသည့် အကွာတွင်ရှိသော မီရတ်မြို့အတွင်းရှိ ပြည်သူများ ထိတ်လန့်လျက်ရှိကာ ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားရသည်။

ရဲအင်အား များစွာလည်း လုံခြုံရေး ချထားသည့်အပြင် တောရိုင်း တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူ များကိုလည်း ယင်းကျားသစ်ကို ဖမ်းမိရေးအတွက် အကူအညီ ခေါ်ထားရသေးသည်။
“ကျားသစ်က ဘယ်နေရာကို ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ မသိတာကြောင့် ကျောင်းတွေကို ပိတ်ထားပါတယ်။ ကြိုတင် ကာကွယ်တဲ့အနေနဲ့ လုပ်ထားတာပါ” ဟု ခရိုင်တရားသူကြီး ပန်ကက်ဂ်ျ ယာဒက်ဗ်က BBC ဟင်ဒီဘာသာ အစီအစဉ်ကို ပြောကြားခဲ့သည်။

အဆိုပါ ကျားသစ်သည် အနီးအနား တောအုပ်ထဲမှ နယ်ကျွံလာပြီး မြို့ထဲရောက်လာကာ ထိတ်လန့်ပြီး လျှောက်ပြေးနေခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းဖော်ထုတ်မှုများအရ မြို့အရာရှိများက ဆိုသည်။

ဂိုဒေါင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုကျားသစ်ကို ပထမဦးဆုံးအကြိမ် တွေ့ရှိခဲ့ရပြီး ဂိုဒေါင်ထဲ ဝင်သွားသည့် အမျိုးသားတစ်ဦး အတိုက်ခိုက် ခံလိုက်ရကာ ဒဏ်ရာလည်း ရရှိသွားသည်။

နောက်ပိုင်းတွင် အနီးအနား ဆေးရုံထဲတွင် ဝင်ပုန်းနေခဲ့ပြီး နာရီအနည်းငယ် ကြာသောအခါ ပိတ်မိနေသော ဆေးရုံအခန်း၏ ပြတင်းပေါက်မှ ခုန်ချ လွတ်မြောက် သွားခဲ့ပြန်သည်။

သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူများက ၎င်းကျားသစ်ကို မေ့ဆေးဖြင့်ဖမ်းရန် ကြိုးစားခဲ့သေးကြောင်း အရာရှိများက ဆိုသည်။

အိန္ဒိယ တောအုပ်များထဲတွင် ရှိသော ကျားသစ် အရေအတွက်ကို တိတိကျကျ စာရင်းမရှိသော်လည်း ကောင်ရေ တစ်သောင်း ဝန်းကျင်သာ ရှိနိုင်ကြောင်း သားရိုင်း တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့် လများစွာ အတွင်းကလည်း ထိုင်းနိုင်ငံရှိ ရွာတစ်ရွာ အတွင်းသို့ မျောက်အုပ်ကြီး ဝင်လာခဲ့ကာ မုန့်များ၊ ဆန်များကို ဝင်ရောက် စားသွားခဲ့ပြီး ယင်းသို့ တောနေ သတ္တဝါများ လူ့နေရပ် အတွင်းသို့ ရောက်လာခြင်းမှာ ၎င်းတို့ စားကျက်များ ကျဉ်းမြောင်း လာသောကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က ဆိုထားသည်။

The Voice Weekly