ပုဗ္ဗသီရိမြို့နယ်တွင် တပ်မတော်မှသိမ်းယူခဲ့သည့် လယ်မြေများအနက် ပြန်ပေးမည့် ၅၇ ဧကသည် ရေနက်ကွင်းဖြစ်နေသည့်အတွက် တောင်သူများက လက်ခံနိုင်ခြင်းမရှိကြောင်း သိရ

ပို့စ်တင်ချိန် - 2/13/2014 09:24:00 AM



၁၃.၂.၂၀၁၄၊ ကြာသပတေးနေ့

ပုဗ္ဗသီရိမြို့နယ်တွင် တပ်မတော် (စကခ ၆) မှ သိမ်းယူခဲ့သည့် လယ်မြေများအနက် ပြန်ပေးမည့် ၅၇ ဧကသည် ရေနက်ကွင်းဖြစ်နေသည့်အတွက် တောင်သူများမှ လက်ခံနိုင်ခြင်းမရှိကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။

သိမ်းယူထားသည့် လယ်မြေများအား တပ်မတော်မှ သီးစားချထားသူများမှ လုပ်ကိုင်လျက်ရှိကြောင်း၊ ပြန်ပေးမည့် နေရာသည် စိုက်ပျိုးလုပ်ကိုင်ရာတွင် ခက်ခဲသည့် နေရာများကို ပြန်ပေးခြင်းဖြစ်ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။

အေးမြင့်သာယာကျေးရွာမှ တောင်သူဦးထွန်းကြည်က “ကျွန်တော်ကတော့ ပြန်ပေးမယ်ဆိုတဲ့ ၅၇ ဧက စာရင်းထဲမှာ ပါပါတယ်။ ပေးတဲ့နေရာက ကျွန်တော်ပိုင်ခဲ့တဲ့ မြေမဟုတ်ဘူး။ သုံးမဖြစ်တဲ့ အင်းပက်လက် နေရာတွေနဲ့ ရောပြီးပေးတယ်။ လယ်မြေပြန်ရဖို့ တင်ထားတာ ၂၉ ယောက်ရှိပါတယ်။ ပြန်ပေးမယ့် စာရင်းထွက်လာတော့ ငါးယောက်ပဲ ပါလာတယ်။ လူသစ်တွေကို စာရင်းထဲမှာ ထည့်ထားတယ်။ ကျွန်တော်တို့ လုံးဝမကျေနပ်ပါဘူး။ စစ်တပ်က စသိမ်းတုန်းက အလံလေးတိုင်စိုက်ပြီး သိမ်းခဲ့တာပါ။ အတူတိုက်ပွဲဝင်ခဲ့တဲ့ ၂၉ ယောက်လုံး မရရင်မယူဘူး”ဟု ပြောပြခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ခါးပြတ်ကျေးရွာမှ ဦးကျော်ဝင်းက “တပ်က စသိမ်းတုန်းက ခင်ဗျားတို့ ဘယ်နှဧကရှိလဲလို့ မေးခဲ့တာမရှိဘူး။ လျော်ကြေးလည်း မပေးဘူး။သိမ်းပြီးတော့ လုပ်အားပေးပါဆိုလို့ ထယ်ချင်း လိုက်ခဲ့ရတယ်။ ပေါင်းနုတ်တာတွေ လုပ်ပေးခဲ့ရတယ်။ သီးစားပြန်ချပေးမယ်ထင်လို့ လုပ်ပေးခဲ့တာပါ။ သီးစားပြန်ချတော့ လယ်မရှိတဲ့သူတွေကို ချပေးခဲ့တယ်။ အခုနိုင်ငံတော်အကြီးအကဲတွေက တောင်သူတွေ နစ်နာတာကို သိရှိလို့ ပြန်ပေးမယ်လို့ သိတဲ့အချိန်မှာ ကျွန်တော်တို့လယ်မြေတွေကို ပြန်လိုချင်ပါတယ်”ဟု ရင်ဖွင့်ပြောကြားခဲ့သည်။

သိမ်းဆည်းခံထားရသည့် လယ်မြေများအား ပိုင်ဆိုင်ခွင့် အထောက်အထား ချပေးမည်ဟု ကြားသိရသည့်အတွက် ကန့်ကွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပိုင်ဆိုင်ခွင့်ချပေးမယ်လို့ ကြားရတဲ့သူတွေက မူလပိုင်ရှင်များ မဟုတ်ကြောင်း၊ ပြန်ပေးမည့်နေရာများသည် လုပ်စား၍မရနိုင်သည့် နေရာများဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း၊ သိမ်းထားသည့် လယ်မြေများအား မပေးနိုင်ပါက ပြန်မပေးနိုင်ကြောင်း၊ ပြန်ပေးမည်ဆိုပါက ယခင်ပိုင်ဆိုင်ခဲ့သည့် နေရာများကို ပြန်လိုချင်ကြောင်း တောင်သူများက ပြောကြားခဲ့သည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ကျော်လွင်က “ဘာမှမပြောချင်ဘူး။ လုပ်နေတုန်းပဲ ရှိသေးတယ်”ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်သူများထံ ညနေပိုင်းတွင် ထပ်မံမေးမြန်းခဲ့ရာ တောင်သူကိုခိုင်မင်းက“စိုက်လို့မရတဲ့ အင်းပက်လက်နေရာကို တိုင်းတာရာမှာ ၂၃ ဧက ရှိပါတယ်။ အဲဒီ ၂၃ ဧကရှိတဲ့နေရာက ဦးပိုင် နာမည်ပေါက်မရှိဘူး။ ကျန်တဲ့ ၃၄ ဧကသာ ဦးပိုင်နာမည်ပေါက် ရှိပါတယ်။ အခုနောက်ဆုံးမှာတော့ ပိုင်ရှင် ခုနစ်ဦးထိ စာရင်းထွက်လာပါတယ်။ တကယ်သိမ်းယူသွားခဲ့တဲ့မြေ က ၂၄၂ ဧကရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ဖေဖေါ်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တပ်မတော်မှ ဒုတိယအကြိမ် စိစစ်ပြန်လည်စွန့်လွှတ်ပေးမည့် မြေစာရင်းတွင် နေပြည်တော်သည် မြေစာရင်းပုံစံ(၁၀၅/၁၀၆) ရယူသိမ်းဆည်းထားသော မြေ ၁၁၆.၀၀၀၊ ယခင်သိမ်းဆည်းရေး ဆောင်ရွက်ဆဲ မြေ ၆၈.၄၀၀၊စုစုပေါင်း ၁၈၄.၄၀၀ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

EMG