ယောက်ျားဖြစ်သူက အက်စစ်ဖြင့်ပက်၍ ဇနီးသည်၏ ဦးလေးက တိုင်တန်း

ပို့စ်တင်ချိန် - 2/12/2014 05:21:00 PM



 ယောက်ျားဖြစ်သူက အက်စစ်ဖြင့်ပက်၍ ဇနီးသည်၏ ဦးလေးက တိုင်တန်း
အင်းစိန်မြို့နယ်တွင် ယောက်ျားဖြစ်သူက ၎င်းနှင့်ခေတ္တကွဲနေသည့် ဇနီးဖြစ်သူကို အက်စစ်ဖြင့် ဖျန်းပက် မှုတစ်ခု ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထား သည်။

အမှုမှာ မွန်းလွဲပိုင်း ၂ နာရီက ကမာရွတ်မြို့နယ် နာနတ်တောလမ်း၊ (၈)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာနေ မကြည်မွှေးအိမ် (၂၃)နှစ်သည် ၎င်းနှင့် ခေတ္တကွဲနေသည့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက်နေ ခင်ပွန်းဖြစ်သူ သန်းထိုက်ဦး(ခ)နေထွဋ် (၂၇)နှစ်က ၎င်းတို့၏ သားဖြစ်သူ အာကာမူးခိုင် တစ်နှစ်ခွဲကို လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားခဲ့သည်။

ထို့ကြောင့် မကြည်မွှေးအိမ်မှာ ဦးလေးတော်စပ်သူ ဦးအောင်ကိုကိုဦး၊ မစိုးစိုးမွန်နှင့် အဘွားတော်သူ ဒေါ်အေးမြင့်တို့နှင့်အတူ အင်းစိန်မြို့နယ်ရှိ ခင်ပွန်းဖြစ်သူ သန်းထိုက်ဦးနေထိုင်သည့် အိမ်သို့သွားရောက် ခဲ့ ကြသည်ဟု တရားလိုဘက်က ဆိုသည်။

ထို့နောက် ရပ်ကွက်လမ်းထိပ်အရောက်တွင် လမ်းအတွင်းသို့ ကားဝင်မရသဖြင့် မကြည်မွှေးအိမ်တစ်ဦး တည်းဖြင့် ကလေးအားခေါ်ယူရန် သွားရောက်ခဲ့သည်ဟုလည်း ရဲတိုင်ရာတွင် တရားလိုဘက်ကပြောပြ ထားသည်။

အတန်ကြာသော်လည်း မကြည်မွှေးအိမ်မှာ ပြန်မလာသဖြင့် ဦးအောင်ကိုကိုဦးနှင့်အဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ တူမဖြစ်သူမှာ ခင်ပွန်းဖြစ်သူ နေအိမ်ပေါ်တွင် မျက်နှာ၊ ပေါင်နှင့် လက်နှစ်ဖက်တို့တွင် အက် စစ်အရည်များ ပေကျံလျက် လောင်ကျွမ်းနေသည့်ပုံစံဖြင့် တွေ့ရှိခဲ့သည်ဟုဆိုထားသည်။

ထို့နောက် မေးမြန်းရာ ခင်ပွန်းဖြစ်သူ သန်းထိုက်ဦးက သူမအား အက်စစ်ဖြင့်ပက်၍ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ပြောပြခဲ့သည်။ မကြည်မွှေးအိမ်မှာ အက်စစ်အပက်ခံရမှုကြောင့် အင်းစိန်ဆေးရုံသို့ ပို့အပ်ခဲ့ ရာ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသခဲ့ရသည်။

ယင်းအက်စစ်ပက်မှုကြောင့် ပြစ်မှုကျူးလွန်သူ သန်းထိုက်ဦးကို အရေးယူပေးရန် ကာယကံရှင်၏ ဦးလေး တော်စပ်သူ ဦးအောင်ကိုကိုဦးက အင်းစိန်ရဲစခန်းသို့ တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ရဲစခန်းက (ပ)၁၃၉/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံရသူကို ဖမ်းဆီးရမိရေး လုပ် ဆောင်လျက်ရှိကာ ဖမ်းမိပါက ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese