သိပ္ပံပညာရှင်များ သက်တမ်း နှစ်ပေါင်း ရှစ်သိန်းကြာ ခြေရာများအား အင်္ဂလန်တွင် တွေ့ရှိ

ပို့စ်တင်ချိန် - 2/08/2014 05:43:00 PM


ဖေဖော်ဝါရီ ၈။

အင်္ဂလန်တွင် သက်တမ်းနှစ်ပေါင်း ရှစ်သိန်းကျော်ရှိ လူသားခြေရာများအား တွေ့ရှိခဲ့ကြသည်ဟု ရှေးဟောင်း သုတေသန ပညာရှင်များမှ သောကြာနေ့တွင် ကြေငြာခဲ့သည်။ အာဖရိကတိုက် အပြင်ဘက်တွင် တွေ့ရှိရသမျှ ခြေရာများထဲ၌ ရှေးအကျဆုံး ဖြစ်ပြီး တောင်ပိုင်း ဥရောပတွင် လူသားတည်ရှိခဲ့မှု အစောဆုံး သက်သေပင် ဖြစ်ကြောင်း ပြောဆိုသွားသည်။

အင်္ဂလန် အရှေ့ပိုင်း ကမ်းခြေရှိ ဟာပစ်ဘတ်မှ မြစ်ဝအနီး ရှေးကတည်းက ဖြစ်ပေါ်ခဲ့သော ရွှံနွံများထဲတွင် ၎င်းခြေရာများကို ဗြိတိသျှ ပြတိုက်၊ လန်ဒန် သဘာဝသမိုင်း ပြတိုက်နှင့် လန်ဒန် တက္ကသိုလ်တို့၏ ပူးပေါင်း ရှေးဟောင်း သုတေသန အဖွဲ့မှ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော နှစ်က လှိုင်းလုံးများ ရိုက်ခတ်မှု ကြောင်း ထွက်ပေါ်လာသော ၎င်းခြေရာများသည် နှစ်သိန်းချီပြီး ရွှံမြေများနှင့် သဲလွှာအထပ်ထပ်တို့ ဖုံးအုပ်ထားခြင်း ခံရသောကြောင့် မပျောက်မပျက် တွေ့ရှိရခြင်း ဖြစ်သည်။ ဗြိတိသျှ ပြတိုက်မှ ရှေးဟောင်းသုတေသန ပညာရှင် နစ်ခ်အက်ရှ်တန်မှ ၎င်းရှာဖွေတွေ့ရှိမှုကို “ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူသားမျိုးနွယ်နဲ့ ဆက်နွယ်နေတဲ့ ထင်ရှားတဲ့ သက်သေတစ်ခု ” ဟု ပြောဆိုခဲ့သည်။ ရှေးအကျဆုံးသော ဘိုးဘွားများ အကြောင်းကို သိသာထင်ရှားစွာ ပုံရိပ်အဖြစ် လျှပ်တစ်ပြက် မြင်လိုက်ရခြင်းပင် ဖြစ်ကြောင်းလည်း အက်ရှ်တန်မှ ပြောကြားခဲ့သည်။

၎င်းခြေရာများတွင် အနည်းဆုံး ကလေးငယ် နှစ်ဦးနှင့် အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်၏ ခြေရာများ ပါဝင်သည်။ ကျွဲရိုင်များ၊ ရှေးဟောင်းဆင်များ၊ ကြံ့များနှင့် ရေမြင်းများ ကျက်စားရာ ရှေးဟောင်း သိမ်းမြစ်နံဘေး မြက်တောများတွင် အစာရှာဖွေလျက်ရှိသော မိသားစုတစ်ခုမှ ဖြစ်မည်ဟု ခန့်မှန်းကြသည်။

ဆောက်သမ်တန် တက္ကသိုလ်မှ ပါမောက္ခ ကလိုက်ဂမ်ဘယ်သည် ရှာဖွေတွေ့ရှိခဲ့သော အဖွဲ့တွင် ပါဝင်မှု မရှိခဲ့သော်လည်း ၎င်းတွေ့ရှိမှုကို အလွန်ပင် အရေးပါသော တွေ့ရှိမှုအဖြစ် ပြောဆိုခဲ့သည်။ “ ဒါဟာ အရမ်းကို အရေးပါတဲ့ သက်သေတစ်ခုပါ။ ရှေးဟောင်းလူသားမျိုးနွယ်နဲ့ ပတ်သက်တဲ့ အနီးစပ်ဆုံး တွေ့ရှိမှုပါ ” ဟု မစ္စတာ ဂမ်ဘယ်မှ ပြောကြားသွားသည်။

၎င်းခြေရာများသည် ဗြိတိန်တွင် ပထမဆုံး လူသားအခြေချမှု အချိန်အဖြစ် သိပ္ပံပညာရှင်များ အစောပိုင်းတွင် ခန့်မှန်းထားသော နှစ်များထက် နှစ်ပေါင်းတစ်သိန်းကျော် ပိုမိုရှေးကျလျက် ရှိသည်။ သိပ္ပံပညာရှင်များမှ ၎င်းခြေရာများ၏ မြေသား အနေအထားနှင့် အနီးရှိ ကျောက်ဖြစ် ရုပ်ကြွင်းများကို ကာဗွန်သက်တမ်း စစ်ဆေးပြီး သက်တမ်း သက်မှတ်ခဲ့ခြင်း ဖြစ်သည်။

နှစ်တစ်သန်း နီးပါးထင်ကျန်ခဲ့သော ၎င်းခြေရာများမှာ တွေ့ရှိပြီး နှစ်ပတ်အကြာတွင် တောင်ပိုင်း ပင်လယ်လှိုင်းလုံး ရိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည်။ သို့ရာတွင် ၎င်းခြေရာများ တွေ့ရှိရာ ဟာပစ်ဘတ် တစ်ဝိုက်တွင် သုတေသန လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားကြမည် ဖြစ်သည်။

REF: AP
The Myanma Age