ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးတူများကို အသုံးပြုမည်ဟုဆို

ပို့စ်တင်ချိန် - 2/19/2014 08:30:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများကို ထည့်သွင်း အသုံးပြု သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုကြောင်း စစ်တွေ မြို့မှ အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ စစ်တွေမြို့မှ အစ္စလာမ် ဘာသာဝင် ၅၀ ကျော်နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ဦးခင်ရီက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘာသာစကား အခက်အခဲနှင့် လုံခြုံရေး အခြေအနေ များကြောင့် သန်းခေါင်စာရင်း စာရင်းကောက်အဖွဲ့တွင် ဘင်္ဂါလီများကို ထည့်သွင်း အသုံးပြုခြင်း ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုခြင်း ဖြစ်ကြောင်း အဆိုပါ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ရှင်းပြသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်းမှ မြို့မိမြို့ဖများကို ဦးခင်ရီက စစ်တွေ ဟိုတယ်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် အဖွဲ့အစည်းများကြားတွင် လက်ခံနိုင်အောင်၊ ကျေကျေ လည်လည် ဖြစ်အောင် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် သက်ဆိုင်ရာ ဘာသာစကား ကျွမ်းကျင်သူများ ဖြစ်သည့် လူမျိုးတူသူများကို အသုံးပြုရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း ဦးခင်ရီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြုလုပ်သည့် သန်းခေါင်စာရင်း ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
“လုံခြုံရေးနဲ့ အတတ်နိုင်ဆုံး မသွားဖို့ စီမံထားတယ်။ အမျိုးတူနဲ့ ကောက်တယ်ဆိုရင် လုံခြုံရေး မလိုဘူး။ လုံခြုံရေး ပြည့်ပြည့်ဝဝချပြီး ကောက်တယ်ဆိုရင် ကိန်းဂဏန်း တိတိကျကျ ရတဲ့နေရာမှာ ခက်ခဲတာပေါ့” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက စစ်တွေမြို့ရှိ ရခိုင်မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်များကိုသာ ရှင်းပြခဲ့ပြီး ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးတူသူများကို ထည့်သွင်း အသုံးပြုမည်ဆိုသည့် ကိစ္စကို ပြောဆိုသွားခြင်း မရှိကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
“ဘင်္ဂါလီ အချင်းချင်းသာ သန်းခေါင်စာရင်း ကောက်ခိုင်းရင် လူဦးရေစာရင်း အတိအကျရမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly