မြန်မာနိုင်ငံတွင် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိ

ပို့စ်တင်ချိန် - 2/08/2014 01:12:00 PM



မြန်မာနိုင်ငံတွင် လေအားလျှပ်စစ်ထုတ် လုပ်နိုင်ရန် တရုတ်ကုမ္ပဏီတစ်ခုမှ ဖြစ်နိုင်ခြေအား လေ့လာမှုများ ပြုလုပ်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ဖေဖော်ဝါရီ ၇ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်၏ ဂျပန်နိုင်ငံမှ ရောက်ရှိလာမည့် လေအားလျှပ်စစ် တပ်ဆင်ရေးအဖွဲ့ အမှန်တကယ် လာရောက်ရန် ရှိ၊ မရှိ မေးမြန်းမှုအား ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် စီမံကိန်းဖြစ်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် China Three Project Corporation နှင့် နားလည်မှုစာချွန်လွှာ MoU ကို ၂ဝ၁၂ ခုနှစ် ဩဂုတ်တွင် ရေးထိုးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အပြင် နားလည်မှု စာချွန်လွှာအရ အကြိုစူးစမ်းတိုင်းတာမှုများကို အဆိုပါရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအပါအဝင် ပြည်နယ်လေးခု အတွင်း၌ လေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အလားအလာရှိသည့် နေရာများတွင် လေ့လာမှုများ ပြုလုပ်လျက်ရှိပြီး ရခိုင်ပြည်နယ် အတွင်း၌ လေအားလျှပ်စစ် ထုတ်ယူနိုင်သော လေအားလျှပ်စစ် စီမံကိန်းနေရာ ၁ဝ ခုကို တိုင်းတာလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

“တိုင်းတာရရှိတဲ့ လေတိုက်နှုန်းနဲ့ ပတ်ဝန်းကျင် မြေနေရာ အနေအထား ၎င်းတို့၏ စီမံကိန်းများကို အကောင်အထည် ဖော်နိုင်မယ့် ပုံစံဒီဇိုင်းတစ်နှစ်မှာ ရရှိနိုင်တဲ့ လေစွမ်းအင်ပမာဏ စီးပွားရေးတွက်ခြေကိုက်မှု သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာချက်များ စသည်တို့ကို အားလုံးတွက်ချက်ပြီးတော့မှ အစီရင်ခံစာ တင်ပြမှာဖြစ်ကြောင်း ညှိနှိုင်းရရှိ ထားပါတယ်။ တင်ပြမယ့် အစီရင်ခံစာအရ စီမံကိန်းဖြစ်မြောက်စွမ်း ရှိတဲ့နေရာတွေမှာ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

ထို့နောက် လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များက ဒုတိယဝန်ကြီး ဦးအောင်သန်းဦးအား လေအားလျှပ်စစ်ထုတ်ရန် ဂျပန်နိုင်ငံ လုပ်ဆောင်မည်ဟု ကြားသိရသော်လည်း တရုတ်ကုမ္ပဏီနှင့် မည်သည့်အတွက်ကြောင့် MoU လက်မှတ် ထိုးရသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ စီမံကိန်းကို လုပ်ဆောင်ရန် လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ လေ့လာရန်သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဒါက လေ့လာဆဲကာလဖြစ်တဲ့အတွက်ကြောင့် သူတို့လာလေ့လာတာကို ကျွန်တော်တို့ကခွင့်ပြုခြင်းဖြစ်ပါတယ်။ လေ့လာ တဲ့သူတိုင်းနဲ့လည်း လုပ်ဖြစ်ချင်မှလုပ်ဖြစ်မှာပါ။ သူတို့လေ့လာထားတဲ့Report ကိုရပြီးတော့မှ လုပ်မှာဖြစ်ပါတယ်။ ဂျပန်နဲ့ ကြားရတဲ့ဆိုတာ အဲဒီအချိန်တုန်းက ဂျပန်က ကျွန်တော်တို့ဆီကိုမရောက်သေးပါဘူး။ အခုချိန်ထိလည်း အဆိုပြုချက်မတင်သေးပါဘူး”ဟု ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

Eleven Media Group