အမဲသားဆီပြန်

ပို့စ်တင်ချိန် - 2/26/2014 08:53:00 PM


အမဲသားဆီပြန်ဟင်းလေးပါ ဒီဟင်းအသားတွေက မာမာတို့အိမ်မှာ သိပ်ပြီးချက်လေ့မရှိပါဘူး တခါတရံမှသာ ချက်တတ်ပါတယ် အခု ဒီအမဲသားဆီပြန်ဟင်းလေးကို ချက်တဲ့အချိန်မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ မာမာ့ရဲ့ အမေချက်တဲ့နည်းလေး အတိုင်းချက်ထားပါတယ်။

အမေက အမဲသားဟင်းချက်ရင် ငံပြာရည်ဘယ်တော့မှ မသုံးပါဘူး ဆားဘဲသုံးပါတယ် ဟင်းမချက်ခင်မိနစ်နှစ်ဆယ်လောက်ကကြို ပြီး အရသာနယ်ကာနှပ်ထားတတ်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းတို့ကို ညက်နေအောင်ထောင်းပါတယ် အားလုံးပြီးပြီဆိုရင်တော့ ဆီကို မီးအနေတော်နဲ့ အပူပေးပြီးမှငရုတ်သီးထောင်းကို မွှေးလာတဲ့ထိဆီသတ်ပေးပါတယ် ငရုတ်သီးဆီသတ်တာမွှေးလာတာနဲ့ အရသာနယ်ထားတဲ့ အမဲသားကိုထဲ့ပြီး အသားမာလာတဲ့ထိ ဆီသတ်ပေးပါတယ် ပြီးမှ ရေကို မြုပ်အောင်ထဲ့ပြီး ပထမတရည်ခမ်းအောင်တည်ပါတယ်။

သားကြီးငါးကြီးဖြစ်တဲ့အတွက် အနည်းဆုံး နှစ်ရည်ခမ်းအောင်တော့တည်ပေးရပါတယ် အသားနူးပြီးရေခမ်းကာဆီပြန်ပြီဆိုရင် အပေါ့အငံမြည်းပြီးမီးပိတ်လို့ ပြီးရင်တော့ အမဲသားဆီပြန်လေးရပါပြီ။
ပါဝင်ရမှာလေးတွေက
အသားအရသာနယ်ရန်

ရေစင်အောင်ဆေးပြီး အနေတော်တုံးထားသော အမဲသား - 400g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမရှိတရှိ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
နှစ်သက်ရာ မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
ကရဝေးရွက် - နှစ်ရွက်
ငရုတ်သီးနှင့်တွဲပြီးထောင်းရန်
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ချင်း - လက်တစ်ဆစ်သာသာ
ကြက်သွန်နီ - အနေတော် တစ်ဥ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
စပါးလင် - ၃လက်မလောက်တစ်ပင်
ဆီသတ်ရန်
ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ