ယာဉ်တိုက်မှု ၅၀ ရာခိုင်နှုန်းကျော် လိုင်စင်မဲ့ ယာဉ်မောင်း များကြောင့်ဟုဆို

ပို့စ်တင်ချိန် - 2/04/2014 12:00:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုများ နှစ်စဉ် မြင့်တက်လျက်ရှိရာ ယာဉ်တိုက်မှု ၅၅ ဒသမ ၄၃ ရာခိုင်နှုန်းမှာ လိုင်စင်မဲ့ ယာဉ်မောင်းများကြောင့် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ၏ စစ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး မောင်းနှင်လျက်ရှိသော ယာဉ်စီးရေနှင့် ကညနက ထုတ်ပေးပြီးသော ယာဉ်မောင်းလိုင်စင် စောင်ရေတို့ ကိုက်ညီခြင်း မရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။
“တချို့ကျတော့ လိုင်စင်ရှိရဲ့သားနဲ့ အသိမ်းခံရမှာစိုးလို့ မရှိဘူး ပြောတာလည်း ရှိမှာပါ။ ဒါပေမဲ့ အများစုကတော့ လိုင်စင်မရှိဘဲ လမ်းပေါ် တက်မောင်းနေကြတာ များပါတယ်” ဟု အဆိုပါဌာန၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ယာဉ်စီးရေနှင့် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူ အချိုးကို စိစစ်ရာတွင် ၂၀၁၁ ခုနှစ်တွင် ၁၁ ဒသမ ၀၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၁၀ ဒသမ ၇၃ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း အဆိုပါဌာန၏ စိစစ်ချက်များအရ သိရသည်။
“ယာဉ်အစီးရေ ၁၀၀ မှာ ၇၀ ကျော်လောက်က လိုင်စင်ကိုင်မောင်းပြီး ၂၀ ကျော်လောက်က လိုင်စင်မဲ့ မောင်းနှင်နေတာပေါ့” ဟု အဆိုပါ အရာရှိက ဆိုသည်။

ယာဉ်မောင်းများ၏ ပေါ့ဆမှုနှင့် စည်းကမ်းမဲ့ မောင်းနှင်ခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ငါးနှစ်တာအတွင်း တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ယာဉ်တိုက်မှု ၁၃ ရာခိုင်နှုန်းကျော်၊ ဒဏ်ရာရသူ ၁၂ ရာခိုင်နှုန်းကျော်နှင့် သေဆုံးသူ ၁၄ ရာခိုင်နှုန်းကျော်အထိ နှစ်စဉ် တိုးတက်နေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly Myanmar