မန္တလေး ခုနစ်မြို့နယ်တွင် အိမ်ရာမဲ့ဦးရေ ၅၅၀၀ ကျော်ရှိဟုဆို

ပို့စ်တင်ချိန် - 2/20/2014 11:52:00 PM


မန္တလေး၊ ဖေဖော်ဝါရီလ ၁၉

မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် တစ်ပြိုင်နက် ကောက်ယူမည့် သန်းခေါင်စာရင်း အတွက် မန္တလေး ခုနစ်မြို့နယ် အတွင်းရှိ အိမ်ရာ မရှိသူများကိုပါ ကောက်ယူမည် ဖြစ်သဖြင့် အိမ်ရာမဲ့ဦးရေ စာရင်းကို ကြိုတင်စာရင်း ကောက်ခံလျက် ရှိရာ အိမ်ရာမဲ့ ဦးရေ ၅၅၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

မန္တလေး ခုနစ်မြို့နယ်တွင် အစမ်း ကောက်ယူထားသော စာရင်းဇယားများအရ အိမ်ရာမဲ့ မိသားစု ၁၂၀၀ ကျော် ရှိပြီး မိသားစုဝင်ပေါင်း ၅၅၀၀ ကျော် ရှိကြောင်း၊ အဆိုပါ မိသားစုဝင်များ ကိုလည်း ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရန် သတ်မှတ်ထားသော အချိန်တွင် ၎င်းတို့ကို တွေ့ရှိသော နေရာများတွင် မှတ်သား ကောက်ယူမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့က အိမ်မရှိတော့ သူတို့ကို မြင်တဲ့ ရပ်ကွက်မှာ မှတ်ပြီး ကောက်ယူမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အိမ်ရာမဲ့များတွင် ဧရာဝတီ မြစ်အတွင်းရှိ ဝါးဖောင်၊ သစ်ဖောင် မျှောသူများပါ ပါဝင်ကာ သန်းခေါင်စာရင်း ကောက်ယူရန် သတ်မှတ်ထားသော အချိန်တွင် ၎င်းတို့ ရောက်ရှိနေသာ အရပ်ဒေသတွင်ပင် စာရင်း ကောက်ယူမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

“သန်းခေါင်စာရင်းကို ကျွန်တော်တို့ကိုပါ ကောက်ယူမယ် ဆိုရင်တော့ သူတို့ မေးမှာကို ကျွန်တော်တို့က ဖြေပေးပါမှာ၊ အခု လောလောဆယ်တောင် ကျွန်တော်တို့ အခုနေတဲ့ တဲတွေကို နံပါတ်တွေ လာကပ်သွားပြီ” ဟု ချမ်းအေးသာစံမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးတွင် ကျူးကျော် နေထိုင်သူ ဦးအောင်စိုးလင်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း သန်းခေါင်စာရင်း ကောက်ကွက် ၉၅၀၇ ကွက်ရှိကာ ကောက်ကွက် တစ်ခုလျှင် စာရင်းကောက် တစ်ဦးနှင့် ကောက်ကွက် ငါးကွက်လျှင် စာရင်းစစ် တစ်ဦးက ကြီးကြပ်မည် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် အတွက် ဆရာ၊ ဆရာမ အင်အား ၁၂,၅၀၀ ဦးကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာန၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly