ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား

ပို့စ်တင်ချိန် - 2/24/2014 11:22:00 AM


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်း ပြောကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှု အဖွဲ့အစည်းများက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဇန်န၀ါရီလအတွင်းက ရခိုင်ပြည်နယ် ဒူးချီးယားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအစိုးရက စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခွင့်ပြုရန် တောင်းဆိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လိုလားကြောင်း ပြောကြားသည်။

“ဒုချီးရားတန်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အစိုးရမဟုတ်သော အရပ်ဘက် စုံစမ်းရေး ကော်မရှင်အဖွဲ့တွေကလည်း စစ်ပြီးပြီ။ ဒါကို လက်မခံဘူး ဆိုတာကတော့ ကုလသမဂ္ဂရဲ့ သံတမန်အနေနဲ့ ပြောသင့်တဲ့စကား မဟုတ်ဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်လိုတဲ့ ကိစ္စနဲ့ အကြောင်းပြနေတယ်လို့ ယူဆတယ်။ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ယောက်ရဲ့ အရည်အချင်းမရှိဘူး။ ဒီကိုလာကတည်းကိုက ဘက်လိုက်မှု တစ်ဖက်သတ်အမြင်နဲ့ ၀င်လာတာဖြစ်တယ်” ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကဆိုသည်။

ဘူးသီးတောင်မြို့နေ ရခိုင်လူမှုကွန်ရက်-မောင်တောခရိုင် ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းက “အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း စစ်ဆေးပြီးပြီ။ အခုလည်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း စစ်ဆေးနေတယ်။ ကင်တားနားဟာ မြန်မာနိုင်ငံ အစိုးရရဲ့ ဆောင်ရွက်ချက်ကို မယုံမကြည် ဖြစ်နေတယ်။ သူက ဘင်္ဂါလီတွေ ခွဲခြားဆက်ဆံ ခံနေရတယ်လို့ ကမ္ဘာကိုပြောချင်တဲ့ ဆန္ဒကြောင့် အခုလိုပြောတာပါ။ ရခိုင်ကိုရောက်တော့လည်း ဒီမှာရှိနေတဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခြေအနေကို လာပြီးမေးမြန်းခြင်း နားထောင်ခြင်းမရှိဘဲ အဝေးက တစ်ဖက်သတ် သုံးသပ်ပြောဆိုတာသာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ရခိုင်တိုင်းရင်းသားတွေ ဘင်္ဂလားဒေ့ရှ်မှာ အသတ်ခံရတယ် ဆိုတာကို ကုလသမဂ္ဂက ဘာတစ်ခွန်းမှ ပြောတာမရှိဘူး။ ကင်တားနား အခုပြောနေတာဟာ မြန်မာနိုင်ငံ အစိုးရရဲ့ အချုပ်အခြာအာဏာကို ဖီဆန်တဲ့ လုပ်ရပ်လည်းဖြစ်တယ်” ဟု ရသေ့တောင်မြို့မှ ရခိုင်ဒေသ လူထုအစည်းအဝေး ကျင်းပရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုမောင်က ပြောကြားသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားသည် ရခိုင်ပြည်နယ်သို့ ဖေဖော်ဝါရီ ၁၄ ရက်က ရောက်ရှိခဲ့သော်လည်း အခင်းဖြစ် ဒုချီးရားတန်းကျေးရွာသို့ သွားရောက်ခဲ့ခြင်း မရှိချေ။

Eleven Media Group